မကွေးတိုင်းဒေသကြီး ကံမမြို့နယ်က လူငယ် ၂ ယောက်ကို ဒီဇင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကံမမြို့နယ် ကြို့ပင်ကျေးရွာက ကိုခင်ဇော်မျိုးနဲ့ ငမဲကျေးရွာက ကိုလွင်မိုးဝင်းတို့ မနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ကြို့ပင်ရွာ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
ကံမမြို့နယ် ထွေအုပ်ရုံးအပါဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဖောက်ခွဲရာမှာ ပါဝင်တယ်ဆိုပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက မမှန်သတင်းပေးတာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၄ ရက်နေ့ မနက်အစောပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်တာနဲ့ ပတ်သက်လို့ ကံမPDF က ကြေညာချက်ထုတ်ပြန်ထားတာရှိပေမယ့် စစ်ကောင်စီတပ်တွေဟာ် အပြစ်မရှိတဲ့ လူငယ်တွေကို ရမ်းသမ်းလိုက်ဖမ်းနေကြတာလို့ ဖမ်းဆီးခံရသူနဲ့ ဆွေမျိုးတော်စပ်သူက ပြောပါတယ်။
“ကျမမောင်လေးမှာ ဘာအပြစ်မှမရှိဘဲနဲ့ လာဖမ်းသွားကြတာ။ သူက တောင်သူလုပ်ငန်းကိုပဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာ။ သူတို့ကို ဖမ်းပြီးတော့ ကံမမြို့မရဲစခန်းကို ခေါ်သွားကြတယ်။ ခုအချိန်ထိ အဆက်သွယ်မရသေးသလို မိသားစုနဲ့လည်း တွေ့ခွင့်မပေးသေးဘူး။”
အဲဒီလူငယ် ၂ ယောက် ဖမ်းဆီးခံရတဲ့ အခြေနေကို အသေးစိတ်သိရှိနိုင်ဖို့ ကံမမြို့မရဲစခန်းကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။