ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ရပ်ကွက်အလိုက် ညဘက် ကင်းစောင့်ရမယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့အဖွဲ့က ခြိမ်းခြောက်ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့၊ ၁၅ ရပ်ကွက် မီးရထားလမ်းဘေး မြက်တိုကွက်သစ်မှာ ရာအိမ်မှူးဦးချိုထွန်းက တစ်အိမ်နှစ်သောင်း လိုက်ကောက်ခံနေတယ်လို့ ဆိုပါတယ်။
အမှတ် ၁၅ ရပ်ကွက်နေ ပြည်သူတစ်ဦးက “နယ်မြေမှူးလား၊ ရာအိမ်မှူးလား အဲ့အဖိုးကြီးက PDF လာမှာစိုးလို့ ညကင်းစောင့်ရမယ်ဆိုပြီး တအိမ်ကို ကင်းစောင့်ခ တလ နှစ်သောင်းလိုက်တောင်းနေတယ်။ ရပ်ကွက်ထဲက လူတွေ အဆင်မပြေလို့ မပြေကြောင်း ပြောပြန်တော့လည်း ဗိုလ်မှူး မင်းမင်းနဲ့တွေ့ရင် မချောင်ဘူးနော်ဆိုပြီး ရပ်ကွက်ထဲက ပြည်သူတွေကို စစ်–အားကိုးနဲ့ ခြိမ်းခြောက်နေပါတယ်” လို့ ပြောပါတယ်။
ပုသိမ်မြို့ပေါ်ရပ်ကွက်တွေကော ကျေးရွာတွေ၊ မြို့စွန့်ရပ်ကွက်တွေမှာပါ တအိမ် နှစ်သောင်းနှုန်း၊ ၁ သောင်းနဲ့ ထောင်ဂဏန်းတောင်းနေတယ်လို့ ပုသိမ်မြို့ပေါ်ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
“အောက်ဘက်ရပ်ကွက်တွေ၊ ရွာတွေမှာ အတင်းအကျပ်ပုံစံမျိုး ပိုက်ဆံတောင်းတယ်။ အရင်လို လုပ်နေတာ၊ စောင့်မယ်သူလည်း မရှိဘူး” လို့ ပြောပါတယ်။
ပုသိမ်မြို့ရပ်ကွက်တွေမှာ ညဘက်ကင်းစောင့်ဖို့ ဒီဇင်ဘာ ၂၅ ရက်နောက်ပိုင်းကစ လုပ်လာတာဖြစ်ပြီး မြို့အဝင်အထွက်နဲ့ ရေလမ်းမှာပါ စစ်ကောင်စီတပ်က စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။