စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ရဲစခန်းက ရဲဝန်ထမ်းတွေရဲ့ မိသားစုဝင် အမျိုးသမီးတွေကို ယူနီဖောင်းဝတ်ပြီး စစ်အခြေခံလေ့ကျင်ရေးကျောင်း (စခတ-၁၀) အရှေ့တပ်ထဲမှာ သေနတ်ပစ် စစ်သင်တန်း သင်ကြားပေးနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက အရာတော်ရဲစခန်းအတွင်းက ကားတစ်စီးပေါ်မှာ ရဲယူနီဖောင်းဝတ်စုံနဲ့အမျိုးသမီးတွေ လိုက်ပါသွားတာကို မြင်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အခြေခံ လေ့ကျင်ရေးသင်တန်းကျောင်း ၁၀ အတွင်းက လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကို နေ့စဉ်ကြားနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“လက်နက်ကြီး ပစ်ခတ်သံရော လက်နက်ငယ်ပစ်ခတ်သံရော စက်ပစ်ကွင်းဘက်လောက်က နေ့တိုင်းကြားရတယ်။ လက်နက်ကြီးသံတွေက မကြာခဏကြားရတယ်၊ အရှေ့တပ်ထဲက ရဲယူနီဖောင်းဝတ်ထားတဲ့ မိန်းမတွေ လိုက်လာတဲ့ကားက အမြဲတမ်း အဝင်အထွက်လုပ်နေတာ တွေ့ရတယ်။”
နေ့စဉ် မနက် ၉ နာရီက ၁၁ နာရီလောက်နဲ့ ညနေ ၄ နာရီနဲ့ ၆ နာရီကြားမှာ သေနတ်ပစ်ခတ်သံတွေ ကြားရတာလို့ ဒေသခံတွေကဆိုပါတယ်။
“တကယ်မြေပြင်နဲ့ အဆက်အသွယ်မရှိတဲ့ အိမ်သူတွေကို သေတွင်းထဲပို့နေတဲ့ အမိန့်ကို လိုက်နာနေကြရတာ တကယ်ကို စိတ်ပါလို့ လုပ်ကြရင်တော့ စိတ်ဓာတ်အပိုင်းကတော့ တစ်မျိုးပေါ့။ အခုတော့ အထက်အမိန့်အရ ယူနီဖောင်းဝတ်ပြီး သင်တန်းတက်နေရင်တော့ ဒါက မမျှတတဲ့အမိန့်လို့ ပြောလို့ရမယ်။ လက်အောက်ငယ်သား စခ၊ ရခတွေရဲ့ မိန်းမတွေအတွက် အမိန့်ဆိုရင် မတရားပါဘူး” လို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်တပ်အင်အား ယုတ်လျော့လာတာကြောင့် မိသားစုဝင်တွေကိုပါ တိုက်ပွဲမှာ ခေါ်ယူ အသုံးချမယ့်ပုံပေါ်တယ်လို့ ဆိုပါတယ်။