စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမ ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သား ၁ ဦးကို ဒေသခံ PDF ပူးပေါင်းတပ်က ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဘန့်ဘွေးရွာမ ကျေးရွာနဲ့ ၅ မိုင်တိုးဂိတ်ကြားမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားဟာ မုံရွာမြို့ တည်းခိုရိပ်သာ အမှတ်(၅)မှ တပ်သားအဆင့် မောင်ဝေမင်းသူ (ကိုယ်ပိုင်နံပါတ် ၅၀၇၁၉၄)ဖြစ်တယ်လို့ PDF အဖွဲ့ရဲ့ ပထမ စစ်ဆေးချက်မှာ ထွက်ဆိုတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ တပ်သားဆီက မူးယစ်ဆေးတွေနဲ့အတူ ကျည်တောင့်များပါတွေ့ရကာ မူးယစ်ဆေးပြတ်လပ်နေတာကြောင့် အဆင်မပြေဖြစ်နေပြီး မသုံးစွဲရရင်မနေနိုင်တော့တာကြောင့် မူးယစ်ဆေးလာဝယ်တာလို့ ဖမ်းဆီးခံရတဲ့တပ်သားက ပြောပါတယ်။
ဒါ့အပြင် ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာ (ခလရ- ၅၀) တပ်က အင်အား ၅၀ ကျော် နဲ့ ရဲတပ်သား ၅၀ ကျော် စုစုပေါင်းအင်အား ၁၀၀ ကျော်လောက် တပ်စွဲထားပြီး စားသောက်ရေးပိုင်းကတော့ ဒေသခံပြည်သူတွေရဲ့ ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ကြတယ်လို့ အဲဒီတပ်သားက ပြောပါတယ်။
ဘန့်ဘွေးရွာမ ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို နေရာစုံ အဖွဲ့ပေါင်းစုံ PDF အဖွဲ့တွေက မကြာခဏဆိုသလို လာရောက်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတာရှိတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေကတော့ အပြင်ထွက်မလာဘဲ အကာအကွယ်ကောင်းတဲ့ နေရာတွေမှာ နေရာယူထားပြီး သဲအိတ်တွေပါ ကာထားတာကြောင့် သူတို့ဘက်မှာလည်း ထိခိုက်မှုနည်းနိုင်သလို PDF အဖွဲ့ဘက်ကလည်း ထိခိုက်မှု မရှိခဲ့ဘူးလို့ PDF အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ထွက်ပြေးတဲ့ ၁ ယောက်ကတော့ လိုက်ဝိုင်းဖမ်းလို့ အရှင်ဖမ်းမိခဲ့တာဖြစ်ပြီး ကျည်တောင့်တွေသာပါပြီး လက်နက်ကတော့ မပါဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဘန့်ဘွေးရွာမကျေးရွာကို ဒီဇင်ဘာ ၁၉ ရက်နေ့ကတည်းက ဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး ဘန့်ဘွေးရွာမကျေးရွာအပြင် အနီးနားမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေအိမ်တွေမှာမနေရဲကြဘဲ ထွက်ပြေးနေကြရဆဲဖြစ်ပါတယ်။