ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေရဲ့ ကျူးကျော်ဝင်ရောက် နှောင့်ယှက်မှုဟာ အန်စီအေစာချုပ်ကို ချိုးဖောက်တာ ဖြစ်သလို ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖြစ်စဉ်တွေကို ဖျက်ဆီးတာဖြစ်တယ်လို့ အန်စီအေ လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရမယ်ဆိုတဲ့ အခြေခံမူရှိနေပေမဲ့ စစ်ကောင်စီတပ်တွေက မြဝတီခရိုင် လေးကေ့ကော်မြို့သစ်အတွင်း ဝင်ရောက်ပြီး အရပ်သားတွေကို ဖမ်းဆီးတာ၊ တပ်နေရာယူတာ၊ အင်အားအလွန်အကျွံသုံးပြီး စစ်ခင်းတာတွေ လုပ်ခဲ့တာပါ။
ဒါကြောင့် KNLA တပ်ဖွဲ့ဝင်တွေအပါအဝင် ဒေသခံတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ PDFတပ်ဖွဲ့တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။
စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသလို အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းရဲ့ နယ်မြေအတွင်း အခုလိုမျိုးလုပ်ဆောင်မှုဟာ အန်စီအေကို ချိုးဖောက်မှုဖြစ်တယ်လို့ PPST ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းက ပြောပါတယ်။
“ကျနော်တို့နဲ့ သဘောတူထားတာကတော့ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို နှစ်ဘက်စလုံးကနေပြီးတော့ ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ဟာကို သဘောတူထားတယ်။ အဲတော့ အခုတော့ ဒီလိုပြည်သူကို ရန်သူမှတ်ပြီးတော့ ဒီလိုစစ်ခင်းတာမျိုးကတော့ ဒါကလည်း အန်စီအေကို ချိုးဖောက်တာပဲ ဖြစ်တယ်လို့ ဒီလိုပြောရမှာဖြစ်ပါတယ်။ အဲတော့ ကျနော်တို့အနေနဲ့ကတော့ ဒီတပ်မတော်ရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေကို မေးခွန်းထုတ်စရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီ လေးကေ့ကော် ဖြစ်စဉ်မှာ ပြည်သူလူထုတွေလည်း ဒုက္ခအတော်ရောက်နေကြတာဖြစ်တဲ့အတွက် ပြည်သူလူထုကို မျက်နှာမူပြီးတော့ စစ်ကောင်စီဘက်ကနေ ဒီပြဿနာကိုစတင်ပြီး ဖော်ဆောင်ခဲ့တဲ့ စစ်ကောင်စီဘက်ကနေ ဒါဆုတ်သင့်တယ်လို့ ကျနော်အဲ့လိုမြင်ပါတယ်။”
ဒါ့အပြင် လေးကေ့ကော်မြို့သစ်ကို တည်ဆောက်ခဲ့တာဟာ နိုင်ငံတကာရန်ပုံငွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရဲ့ ပြယုဂ်ဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီအနေနဲ့ ပြည်သူကို မျက်နှာမူပြီး လေးကေ့ကော်ကနေ အမြန်ဆုံး ထွက်သွားဖို့လိုတယ်လို့ ခွန်မြင့်ထွန်းကတိုက်တွန်း ပြောပါတယ်။
လက်ရှိမှာတော့ လေးကေ့ကော်မြို့သစ်အပြင် ကရင်ပြည်နယ်အတွင်း တခြားနေရာတွေမှာပါ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ထောင်နဲ့ချီတဲ့ပြည်သူတွေကလည်း သောင်ရင်းမြစ်ကိုဖြတ်ပြီး တစ်ဖက်ထိုင်းနိုင်ငံအထိ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီအနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လိုလားတယ်ဆိုရင် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး နိုင်ငံရေးမှာ ပါဝင်စွက်ဖက်နေမှုတွေကနေ ဆုတ်ခွာသွားဖို့လိုသလို တပ်တွေကို အမြန်ဆုံးရုပ်သိမ်းဖို့လိုတယ်လို့ KNU ဗဟို အမြဲတမ်းကော်မတီဝင် ပဒိုစောတာနီးက ပြောပါတယ်။
“ကျနော်တို့ မဖြေရှင်းနိုင်တဲ့နိုင်ငံရေးပြဿနာဟာ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါကျတော့ ဒီသပွတ်အူနဲ့တူတဲ့ အရင်းခံပြဿနာက ကျနော်တို့ဖက်ဒရယ်ဒီမိုကရေစီပြဿနာပဲဖြစ်တယ်။ အဲလိုဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်မယ့်တိုင်းပြည်တပြည်မှာ စစ်တပ်ဟာသူ့နေရာနဲ့သူ နေဖို့လိုအပ်ပါတယ်၊ စစ်တပ်ဟာ သူ့နေရာသူမနေဘဲ နိုင်ငံရေးမှာဝင်ရှုပ်နေတဲ့အခါကျတော့ ဖက်ဒရယ်တည်ဆောက်ပါတယ်လို့ ဘယ်လောက်ပြောပြော ဘာမှအဓိပ္ပါယ်မရှိပါဘူး။ အဲဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်မယ်ဆို စစ်တပ်က သူ့နေရာသူပြန်သွားပြီးတော့မှ စစ်သားအလုပ်ပဲ လုပ်ပါဆိုတာ၊ ဒါကအင်မတန်အရေးကြီးပါတယ် အဲဒါကြောင့်မို့လို့ နိုင်ငံရေးထဲမှာ မပါတော့ဘဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်တယ်ဆိုတာ သေချာတရားဝင်ကြေညာလိုက်ပါ။ ဒါဟာအမှန်ကန်ဆုံး၊ လူသားအဆန်ဆုံးလုပ်ရပ်တရပ်ဖြစ်တယ်ဆိုတာ ကျနော်တို့ပြောချင်တယ်။”
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကေအန်ယူ မူတြော်ခရိုင်အတွင်းမှာလည်း အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့သလို ခုချိန်မှာလည်း လေးကေ့ကော်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တာကြောင့် ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့လည်း လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့ ကေအန်ယူက တောင်းဆိုထားပါတယ်။