မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာရှိတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးရဲ့ နေအိမ်ကို စစ်ကောင်စီက ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းမှာ ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ပေါင်မြို့၊ ပေါင်းရပ်ကွက်မှာရှိနေတဲ့ ဦးဇော်ဇော်ထူး နေအိမ်ကို စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀ ယောက်လောက်က လာရောက်ပြီး ချိပ်ပိတ်သွားခဲ့တာပါ။
စစ်ကောင်စီကတော့ ဦးဇော်ဇော်ထူးဟာ အကြမ်းဖက် အဖွဲ့အစည်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်ကို ချိပ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးဟာ ၂၀၂၀ နဲ့ ၂၀၁၅ အထွေထွေးရွေးကောက်ပွဲမှာ ၂ ကြိမ်ဆက် အနိုင်ရထားတဲ့ ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။
ဦးဇော်ဇော်ထူးဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရပြီး လက်ရှိမှာတော့ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။
လွှတ်တော်အမတ် ဦးဇော်ဇော်ထူး နေအိမ်ဟာ မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် လွှတ်တော် ကိုယ်စားလှယ်ထဲမှာ ပထမဦးဆုံး ချိပ်ပိတ်ခံရတဲ့ နေအိမ်လည်း ဖြစ်ပါတယ်။