ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ကိုးတိုင်လမ်းဆုံနဲ့ တံတားကျိုးရွာအကြား အာရှလမ်းမကြီးဘေးမှာ ဒီဇင်ဘာ ၁၈ ရက် ဒီနေ့ ညနေ ၅ နာရီခွဲလောက်က မြဝတီ-လေးကေ့ကော်ဘက်ကို လာရောက်တဲ့ စစ်ကောင်စီတပ်ရဲ့ ယာဥ်တန်းကို KNLA တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ စစ်တပ်ယာဉ်တန်းအတွင်း သံချပ်ကာ ၂ စီး၊ ဖောကား ၂ စီးနဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် တွေလိုက်ပါလာတာဖြစ်ပြီး KNLA တပ်ဖွဲ့ဝင်တွေက ရှေ့ထွက်မိုင်း ၄ လုံးတိတိ ဖောက်ခွဲခဲ့တဲ့အတွက် ဖောကားတစ်စီး မိုင်းထိမှန်ခဲ့တယ်လို့ ကေအန်ယူ တာဝန်ရှိသူတဦးက ပြောပါတယ်။
လေးကေ့ကော်မြို့သစ် အနီးမှာ KNLA နဲ့ စစ်ကောင်စီတပ်တွေ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေကို စစ်ကူလာရောက်တဲ့ ယာဉ်တန်းဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တံတားကျိုးကျေးရွာသားတစ်ဦးက ”ညနေပိုင်းလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ။ မကြာဘူး စစ်ကားတွေ အမြန်မောင်းလာတာ တွေ့လိုက်တယ်။ စစ်ကားပေါ်ကနေ သေနတ်တွေနဲ့ ရမ်းသန်း ပစ်လာတာ။ ကား တစီးတော့ မိုင်းထိမှန်လာတယ်။ အခုတော့ စကခ ၁၂ တပ်ဝင်းထဲမှာလို့ ကြားတယ်”လို့ ပြောပါတယ်။
အဆိုပါ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာ ကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။