မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဇီးတောကျေးရွာအုပ်စု၊ ချင်းသပြေပင်ကျေးရွာက ကြံခင်းစောင့်ရင်း ဂစ်တာတီးပြီး သွေးသစ္စာသီချင်းဆိုတဲ့ ဒေသခံ ၇ ဦးကို ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက်လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ကျေးရွာဒေသခံတဦးက “ညက (ဒီဇင်ဘာ ၁၆ ရက်) ရွာက ကလေးတွေက ရွာနားက ကြံစိုက်ခင်းစောင့်ကြရင်း ဂစ်တာတီးပြီး သွေးသစ္စာသီချင်းဆိုကြတာကို ဆန္ဒပြတယ်ဆိုပြီး ရွာကအုပ်ချုပ်ရေးမှူးနဲ့ ဒလန်က စစ်တပ်ကိုတိုင်လိုက်တာ။ ရွာက လူငယ်ပိုင်း ယောကျာ်းလေးတွေနဲ့ အမျိုးသမီး ၇ ယောက်ကို ရိုက်ပုတ်ပြီးဖမ်းသွားတယ်။ စစ်သားတွေက ရွာထဲက အိမ်တွေထဲကိုလည်းဝင်ပြီး ရွှေ၊ ငွေနဲ့ ဆိုင်ကယ်တွေ၊ ဖုန်းတွေကိုလည်း ယူသွားကြတယ်” လို့ ပြောပါတယ်။
ချင်းသပြေပင်ကျေးရွာက လူနေအိမ်တွေကို စစ်ကောင်စီတပ်သား ၁၀၀ လောက်က ဝင်ရောက်မွှေနှောက်ကြတဲ့အတွက် ကျေးရွာက လူငယ်အချို့လည်း ဘေးလွတ်ရာကို ထွက်ပြေးကြရပြီး စစ်ကောင်စီတပ်တွေဟာ ရွာအဝင်လမ်းကနေ ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ရွာမှာလည်း အသက်ကြီးတဲ့သူတွေပဲ ကျန်နေခဲ့တော့တယ်။ အုပ်ကြီးနဲ့ဒလန်က ကိုယ့်ရွာသားအချင်းချင်းကို ဒုက္ခရောက်အောင်မလုပ်သင့်ပါဘူးဗျာ။ အခုတော့ အားလုံးဒုက္ခတွေရောက်ကုန်ကြပြီ" လို့ ထွက်ပြေးလာကြသူတွေက ပြောပါတယ်။
ဒေသခံပြည်သူတွေ ဖမ်းဆီးခံရတာ နဲ့ ပတ်သက်လို့ တောင်တွင်းကြီးရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ “အဲ့ဒိကိစ္စ ကျနော်တို့မသိဘူး။ စခန်းကိုလည်းရောက်မလာဘူး” လို့ တာဝန်ကျရဲတဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။
ချင်းသပြေပင်ကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာတွေက အခုအချိန်မှာ ကြံစိုက်ခင်းတွေကနေ ကြံခုတ်နှံရမယ့်အချိန်ဖြစ်နေပြီး ကျေးရွာ ဒေသခံလူငယ်တွေ ထွက်ပြေးကြရတဲ့အတွက် အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။