မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ ဂျုတ်ကုန်းကျေးရွာအနီးမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီလောက်က မြိုင်-ဗဟင်းလမ်းမကြီးပေါ်ဖြတ်သွားတဲ့ အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေကို MVRF က မိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး လိုက်ပါလာတဲ့ အိမ်စီးကားတစ်စီး ဖြတ်သန်းလာမယ့်သတင်းရရှိခဲ့ပြီး MVRF တပ်ခွဲ ၄ တပ်ဖွဲ့ မှူး ကာဒစ်ဦးဆောင်တဲ့အဖွဲ့က မိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ MVRF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လက်နက်မမျှလို့သာ အဝေးကနေ မိုင်းခွဲဘာညာလုပ်နေရတာ။ ကားကတော့ လုံး၀ နေရာမှာတင် ပျက်စီးသွားတယ် ကားပေါ်မှာ ၇ ယောက်လိုက်ပါလာတယ်။ သေဆုံးမှုကိုတော့မသိရသေးဘူး၊ စုံစမ်းဆဲပါပဲ။ ဒဏ်ရာရသူတွေလည်းများပါတယ်။ မိုင်း ၆ လုံးဆွဲတိုက်ခိုက်ခဲ့ပါတယ်။”
မြိုင်မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေသွားလာနေရာနဲ့ စစ်ကောင်စီ တပ်သားတွေ အနီးကို လုံး၀ မသွားလာဖို့ MVRF အဖွဲ့က သတိပေးထားပါတယ်။
MVRF အဖွဲ့အနေနဲ့ မြိုင်မြို့နယ် မင်းသားကျရွာအနီး ကင်းလှည့်ပတ်တဲ့ စစ်ကောင်စီအုပ်စုကို ဒီဇင်ဘာ ၉ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။