ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာရပ်ကွက်မှာ ဒီဇင်ဘာ ၁၃ ရက် မနက် ၄ နာရီလောက်က လူငယ် ၃ ယောက်ကို စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။
“မနက် ၄ နာရီလောက်က စစ်သားတွေ အများကြီးလာပြီး သူတို့အိမ်တွေမှာ လာဖမ်းသွားတာ။ PDF တွေကို လာဖမ်းတာလို့ကြားတယ်။ ဖမ်းသွားတဲ့သူတွေက PDF ကလည်း မဟုတ်ဘူး။ သာမန်လူတွေပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း လူငယ် ၁၄ ယောက်ကို ဖမ်းဆီးသွားခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၁ ရက် မနက်ပိုင်းက ပျူစောထီးခေါင်းဆောင်ဆိုသူတယောက် သေနတ်ပစ်သတ်ခံရပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ရာအိမ်မှူးတယောက် ပစ်သတ်ခံခဲ့ရတာကြောင့် ခုနောက်ပိုင်း စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေ ခပ်စိတ်စိတ် ပြန်လုပ်ကြတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်ကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ ၄ လနီးပါး ရှိလာပြီလည်း ဖြစ်ပါတယ်။