Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် ဗုံး ၂ လုံးကွဲ၊ ပြည်သူ ၁ ဦးဒဏ်ရာရ
DVB
·
December 11, 2021
493023-245058337_1194208024406539_3952201790047446024_n-730x365

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ဒီဇင်ဘာ ၁၀ ရက်၊ လူ့အခွင့်အရေးနေ့မနက်ပိုင်းက ဗုံး ၂ လုံးပေါက်ကွဲပြီး သုံးဘီးမောင်းသမား ၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “မနက် ၇ နာရီလောက်က လေးကျွန်းအောင်မြေဘုရားနားမှာ။ ၈ နာရီလောက်ကျတော့ မြို့ရဲ့မြောက်အထွက်ဂိတ်နားမှာပေါက်တာက သုံးဘီးဆရာ ၁ ယောက်ထိသွားတယ်” လို့ ပြောပါတယ်။

ဗုံးစထိမှန်တဲ့ သုံးဘီးဆရာကိုတော့ တောင်တွင်းကြီးဆေးရုံမှာ ကုသပေးနေပြီး မစိုးရိမ်ရဘူးလို့ ဆေးရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

“ခင်ဗျားတို့သတင်းရတာကလည်း တိကျပြီးမြန်လိုက်တာ။ ဗိုလ်မှူးတို့က အဲ့ဒိသတင်းကို အပြင်မထွက်စေချင်ဘူး။ ဖုံးထားတယ်ပေါ့ဗျာ” လို့ မြို့နယ်စစ်ကောင်စီနဲ့နီးစပ်တဲ့ဝန်ထမ်းတဦးက ပြောပါတယ်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာ မဟုတ်ကြောင်း ဒီဗွီဘီရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခဲ့ကြပါတယ်။

ဒေသခံတဦးက “၉ ရက်နေ့ည ၁၀ ခွဲ လောက်မှာ စစ်ကောင်စီက ကားတွေပေါ်လော်ကြီးတင်ပြီး ဆိုင်တွေမပိတ်ဖို့၊ ပြည်သူတွေပုံမှန်အလုပ်လုပ်ကြဖို့လည်း အော်ခဲ့တာ။ မနက်ကျ ဗုံးပေါက်တဲ့အသံကြားတာပဲ။ စစ်ကောင်စီက ဗုံးခွဲမယ့်အကြံရှိလို့ ပြည်သူတွေကို အပြင်ထွက်ခိုင်းနေတာ။ စစ်ကောင်စီရဲ့ ထောင်ချောက်ထဲဝင်မသွားတာ ပြည်သူတွေကံကောင်းတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ လူ့အခွင့်အရေးနေ့ ညနေမှာလည်း  ဒေသခံပြည်သူ ၄ ဦးကို လက်ခုပ်တီးတယ်လို့ စွပ်စွဲဖမ်းဆီး ညှဉ်းပမ်းရိုက်နှက်ပြီး ညဦးပိုင်းမှာ ပြန်လွှတ်လိုက်တယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ နီးစပ်သူတွေက ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ စစ်ကောင်စီဝင်တွေဟာ အရပ်ဝတ်တွေဝတ်ဆင်ပြီး အရပ်သားအသွင်ယူပြီး သတင်းစုံစမ်းတာတွေ၊ မှတ်တမ်းဓာတ်ပုံရိုက်ယူတာတွေအပြင် အသက် ၁၈ နှစ်မပြည့်သေးတဲ့ တပ်မိသားစုဝင်တွေကိုပါ စစ်ယူနီဖောင်းဝတ်၊ သေနတ်ကိုင်ခိုင်းပြီး မြို့ပေါ်လူစည်ကားရာနေရာတွေမှာ ကင်းစောင့်နေကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024