မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း ပန်းမရွာသစ် ကျောက်သပိတ်အထက်ကုန်းက CDM ဆရာမရဲ့ နေအိမ်အတွင်းကို ဒီဇင်ဘာ ၁၀ ရက်နေ့မနက် ၆ နာရီဝန်းကျင်က လက်နက်ကိုင်ဆောင်ထားသူ ၃ ဦး ဝင်ရောက်ပစ်ခတ်တာကြောင့် ဖခင်နဲ့သမီး သေဆုံးပြီး သားဖြစ်သူက ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
နီးစပ်သူဒေသခံတစ်ဦးက "သူတို့မိသားစုက ဒလန်တော့မဟုတ်ဘူး၊ CDM ဆရာမ မိသားစုလည်းဟုတ်တယ်၊ ဆရာမက ရှောင်နေတော့ အိမ်မှာရှိနေတဲ့ အဖေရယ်၊ သမီးရယ်က ပွဲချင်းပြီးသေသွားတယ်။” လို့ ပြောပါတယ်။
မနက်အစောပိုင်းမှာ ဆိုင်ကယ် လူ ၃ ဦးနေအိမ်ထဲဝင်လာပြီးနောက် အိမ်ရှေ့မှာ ထိုင်နေသူ ဖခင်ဖြစ်သူကို ပစ်သတ်ပြီးနောက် အသံကြားတာကြောင့် ထွက်ကြည့်တဲ့ သမီးဖြစ်သူပါ ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
ဒီနောက် အခန်းထဲအိပ်ပျော်နေတဲ့ သားဖြစ်သူကိုတော့ ဓားနဲ့ခုတ်ခဲ့တာကြောင့် ဒဏ်ရာ အပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက "အခုအခြေနေက ယုန်ထင်ကြောင်ထင်ဖြစ်စေချင်လို့ သွေးကွဲစေချင်လို့ လုပ်တာလို့မြင်တယ်၊ CDM ဝန်ထမ်းအိမ်လည်းဟုတ်တယ်" လို့ ပြောပါတယ်။
ဘယ်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။