Home
မြန်မာသတင်း
တောင်တွင်းကြီး မြို့နယ်ပညာရေးမှူးက နိုင်ငံတော်အတိုင်ပင်ခံနှင့် သမ္မတ ဓာတ်ပုံများ ဖြုတ်ချရန် ညွှန်ကြား
DVB
·
December 10, 2021
266377508_1233791257114882_5703035382297997638_n

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က စာသင်ကျောင်းတွေမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ ဓာတ်ပုံတွေဖြုတ်ချဖို့ မြို့နယ်ပညာရေးမှူးက ညွှန်ကြားထားတယ်လို့ ပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

မြို့နယ်ပညာရေးမှူးရုံး လက်ထောက်ပညာရေးမှူးတဦးက “စစ်ကောင်စီက မြို့နယ်ပညာရေးမှူးရုံးတွေကို အမိန့်ထုတ်လို့ ကျနော်တို့ရုံးကနေ ကျောင်းအုပ်တွေကို ဆက်လက်ညွှန်ကြားရတာဖြစ်ပါတယ်။ ဆောင်ရွက်ထားမှု အခြေအနေကိုလည်း အထက်ရုံးကို ပြန်ပို့ပေးရပါတယ်” လို့ အတည်ပြုပြောဆိုပါတယ်။

တောင်တွင်းမြို့နယ်ထဲက မြို့နယ်ပညာရေးမှူးရုံးနဲ့ အခြေခံပညာကျောင်းတွေမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ရဲ့ ဓာတ်ပုံတွေ ချိတ်ဆွဲထားခြင်းမရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းက လက်မှတ်ရေးထိုးပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာ ခရိုင်ပညာရေးမှူးရုံးကို ပြန်လည်ပေးပို့ထားတယ်လို့ ဆိုပါတယ်။

ကျောင်းအုပ်တဦးက “မြို့နယ်ပညာရေးမှူးက ကျောင်းတာဝန်ခံတွေကိုခေါ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ သမ္မတ ဦးဝင်းမြင့် ပုံတွေချိတ်ဆွဲမထား ဖို့ ပြောတယ်။ ဘယ်ပုံပြန်ချိတ်ရမယ်ဆိုတာတော့ မပြောသေးဘူး” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ ထက်၊ လယ်၊ မူ စာသင်ကျောင်းပေါင်း ၂၅၀ ကျော်ရှိတယ်လို့ မြို့နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။

အာဏာဖီဆန် CDM မှာ ပါဝင်တဲ့ ပညာရေးဝန်ထမ်းတဦးက “သူတို့က ဓာတ်ပုံဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာတွေကို ဖြုတ်ချလို့ရမယ်။ ပြည်သူအားလုံးရဲ့ နှလုံးသားထဲက အမေဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ရဲ့ ဓာတ်ပုံတွေကို ဘယ်အာဏာရှင်က ဘယ်တော့မှ ဖြုတ်ချလို့ မရနိုင်ပါဘူး။ နှိုင်းရရင်တော့ ‘လမင်းကိုခွေးဟောင်နေသလိုဘဲ’ ” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ ပညာရေးဝန်ထမ်း ၂၅၀၀ ကျော်ရှိခဲ့ပြီး အာဏာဖီဆန် CDM မှာ ပါဝင်လို့ စစ်ကောင်စီကနေ တာဝန်ကနေ ရပ်စဲခံရတဲ့ ပညာရေးဝန်ထမ်းပေါင်း ၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024