စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျကွက်သစ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲလေ့ရှိတဲ့ သီတဂူကျောင်းဆောင် ဒီဇင်ဘာ ၈ ရက် မနက်က ပစ်ခတ် တိုက်ခိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။
အဲဒီလိုတိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် People's Defence Army-Yinmarbin(PDA)အဖွဲ့နဲ့ ကနီမြို့နယ် PDF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်နက်ကြီး ၆ ချက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်မှုဒဏ်ကြောင့် သီတဂူကျောင်းကြီး ပြိုကျပျက်စီးသွားသလို အဲဒီအထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။
သီတဂူကျောင်းဆောင်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေ အခြေချနေထိုင်လေ့ရှိပြီး ကျောင်းအနီးပတ်ဝန်းကျင်မှာလည်း လုံခြုံရေးဂိတ်ထားရှိကာ လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးနေသလို စျေးရောင်းစျေးဝယ်ခရီးသည်ကားတွေကိုလည်း မတရားငွေတောင်းခံနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၇ ရက် ညပိုင်းကလည်း မုံရွာ-ပုသိမ် ကားလမ်းဘေးမှာရှိတဲ့ အမှတ် (၂၈) ရဲတပ်ရင်းကိုလည်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အခုလိုလုပ်ဆောင်ရတာဟာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်အားကိုးပြီး မတရားအာဏာ လုယူခဲ့ကာ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေဖျက်ဆီးနေတာကြောင့် လုပ်ဆောင်တာလို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၇ ရက်နေ့က ယင်းမာပင်ခရိုင်အတွင်း ဆားလင်းကြီးမြိုနယ် ဒုန်းတောကျေးရွာက အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မနည်းကို ရက်ရက်စက်စက် ပစ်ခတ်မီးရှို့ သတ်ဖြတ်ခဲ့ပါတယ်။