ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ လပွတ္တာ-မြောင်းမြကားလမ်းမပေါ်မှာ ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီလောက်က ခရီးသည်တင် ကားတစီး သစ်ပင်ကို ဝင်တိုက်ခဲ့လို့ အမျိုးသား ၂ ယောက် သေဆုံးသွားပါတယ်။
ရန်ကုန်-လပွတ္တာပြေးဆွဲနေတဲ့ ချမ်းမြေအေး ခရီးသည်တင်ကားဟာ လမ်းဘေးထိုးကျပြီး သစ်ပင်တိုက်မိတာကြောင့် ကျောင်းဆရာ တယောက်နဲ့ ယာဉ်နောက်လိုက် တယောက် သေဆုံးကာ ၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကားက လမ်းဘေးထိုးကျသွားတာ။ ခရီးသည်တော်တော်များများ ထိတယ် သေတာကတော့ နှစ်ယောက်။ ကျန်တဲ့သူတွေ ဆေးရုံပို့လိုက်ပြီ''လို့ ကူညီပေးခဲ့သူက ပြောပါတယ်။
တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ကားပေါ်မှာ ယာဉ်မောင်းနဲ့ ခရီးသည်တွေအပါအဝင် စုစုပေါင်း ၃၅ ယောက် လိုက်ပါလာတာဖြစ်ပြီး ဒဏ်ရာရရှိသူတွေကိုတော့ လပွတ္တာမြို့ ၃ မိုင်မြို့သစ်ဆေးရုံကို ပို့ဆောင်ထားပါတယ်။
ခရီးသည်တင်ကားဟာ တိုက်ရော့ပြုတ်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေး သစ်ပင်ကိုဝင်တိုက်မိခဲ့တာကြောင့် အမျိုးသား ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရ တယ်လို့လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Photo Credit-MFS