ညှိနှိုင်းမှုတွေ အလှမ်းဝေးနေပေမဲ့ အလုံးစုံပျက်သုဉ်းမယ့် ပဋိပက္ခထဲကနေ ထွက်ဖို့ရာ ဒီတလမ်းပဲ ရှိပါတယ်။
မြန်မာစစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ တတိုင်းပြည်လုံး အကျပ်အတည်းဆိုက်သွားပါတော့ တယ်။ အရပ်သားတွေရဲ့ စစ်အစိုးရကို တော်လှန်မှုဟာလည်း ရက်စက်တဲ့ အကြမ်းဖက်မှုတွေနဲ့ တုံ့ပြန်ချေမှုန်းတာ ခံနေရပါပြီ။ တိုင်းပြည်စီးပွားရေးကလည်း ငွေကြေးတန်ဖိုး ၆၀ ရာခိုင်နှုန်း ကျဆင်းခြင်းနဲ့အတူ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ရာခိုင်နှုန်း ၂၀ နီးပါးထိ ကျဆင်းမယ်လို့ မျှော်လင့်ရပါတယ်။
အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွသူတွေနဲ့ တိုင်းရင်းသား လူနည်းစု ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရှေ့ဆောင်မှုအားဖြင့် လည်းကောင်း၊ လူထုက စတင်လိုက်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကြောင့်လည်းကောင်း စစ်အစိုးရရဲ့ အခြေခံလုပ်ငန်းတွေအားလုံးနီးပါး ရပ်ဆိုင်းကုန်ပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လေ့လာသူတွေကတော့ စစ်အစိုးရနဲ့ သူ့ကို ဆန့်ကျင်သူတွေကြား အကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီတောင်းဆိုတာတွေဟာ လက်တွေ့ဖြစ်လာဖို့ အခြေအနေမရှိသေးပါဘူး၊ နှစ်ဘက်စလုံးက စကားပြောဆိုဖို့ ဆန္ဒမရှိကြသေးပါဘူး။ အခုချိန်မှာ နိုင်ငံတကာဖိအားကလည်း နှစ်ဘက်စလုံးကို စားပွဲဝိုင်းဆီ အမြန်ပို့နိုင်ဖို့ ဘာမှမတတ်နိုင်သလောက်ပါပဲ။
ဒီအချိန်မှာ ဖြစ်နိုင်ခြေသိပ်မရှိပေမဲ့၊ စစ်တပ်က လူထုတော်လှန်မှုတွေ အားနည်းသွားအောင် တနည်းနည်းနဲ့ စီမံနိုင်ခဲ့ရင်တောင်မှ ဆွေးနွေးညှိနိုင်းမှုဖြစ်လာဖို့ မလွယ်လှသေးပါဘူး။ ဒါ့အပြင် မဖြစ်မနေ ဆွေးနွေးဖို့လိုအပ်တဲ့ အခြေအနေမှာ ဆွေးနွေးပွဲအောင်မြင်ဖို့ မျှော်လင့်နိုင်တဲ့အချက်က စစ်တပ်ဘက်က သူတို့အနေအထား အတော်အားနည်းနေပြီဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားစေရေးပါပဲ။
ဒီနေရာမှာ ကမ္ဘာ့အသိုင်းအဝိုင်းက တချို့အခန်းကဏ္ဍတွေမှာ ပါဝင်လာနိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကတော့ ပြည်တွင်းက ဖိအားတွေကြောင့်ပဲ ဖြစ်လာမှာပါ။
တကယ်ဆိုရရင် စစ်တပ်ဟာ ပြန်လည်တည်ငြိမ်အောင်ထိန်းထားနိုင်ဖို့ ဒါမှမဟုတ် ထိထိရောက်ရောက် အုပ်ချုပ်နိုင်ဖို့ မျှော်လင့်ချက် အနည်းငယ်သာ ရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ အနေအထားမျိုး မဟုတ်တော့ပါဘူး။ အခုအချိန်မှာ လက်ကိုင်ဖုန်းတွေက မြန်မာပြည်သူတွေနဲ့ ကမ္ဘာကြီးကို ဆက်သွယ်ပေးနေပါပြီ။ ကိုယ်နေတဲ့နေရာကနေပြီးတော့ သတင်းအချက်အလက်တွေကို ပို့ပေးနေပါပြီ။
ပိုပြီးလွတ်လပ်တဲ့ နှစ်တွေအပြီး အခုနောက်ပိုင်းမှာတော့ စစ်အစိုးရက ဖုန်းလိုင်းတွေကို ကြိုးကြားကြိုကြား ဖြတ်တောက်နေတာတောင်မှ လူထုက နားနားနေနေ နေတာမဟုတ်ပါဘူး။ တချိန်တည်းမှာပဲ စစ်တပ်က သူတို့ မနိုင်တော့ဘူးဆိုတာ နားလည်လာပြီ။ ပြီးတော့ စစ်တပ်က သူတို့သွားနေတဲ့ လက်ရှိလမ်းကြောင်းဟာ သူတို့အတွက်ရော သူတို့ရဲ့မိသားစုတွေကိုပါ အန္တရာယ်ထဲပို့နေတာ ဖြစ်ကြောင်းလည်း သိနေပါပြီ။ တော်လှန်သူတွေကတော့ တပ်မတော်ရဲ့ အစိတ်အပိုင်းတွေကို ဖျက်ဆီးလိုက်တဲ့အကြောင်း ပိုပိုပြီး ပြောလာနေကြပါတယ်။
တည်ငြိမ်မှုနဲ့ အောင်မြင်ရေးအတွက် အကောင်းဆုံးနည်းလမ်းက ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွက်ရေး လှုပ်ရှားမှုဖြစ်သလို၊ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းကလည်း အဲဒီမှာပဲ ရှိလာပါလိမ့်မယ်။ ဒါပေမဲ့လို့ အဲဒါတွေက လွယ်လွယ်ကူကူ ဖြစ်လာမှာတော့ မဟုတ်ပါဘူး။
စစ်တပ်ဟာ တသီးတခြား လှောင်ပိတ်ထားတဲ့ အဖွဲ့အစည်းပါ။ စစ်တပ်ထဲ ဝင်ရောက်သူတွေကို သူတို့တာဝန်ထမ်းရမယ့် လူထုနဲ့ ဝေးကွာအောင် သီးခြားခွဲထားလေ့ရှိပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လက်ရှိ ယိုယွင်းပျက်စီးနေပြီး၊ ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ စစ်အစိုးရဆန့်ကျင်ရေး ပြင်းထန်တဲ့တော်လှန်မှုတွေ ဖြစ်နေတယ် (ဒီလို အပြင်းအထန် တော်လှန်မှုတွေဟာ ပုံမှန်အားဖြင့် တောနယ်ဘက်တွေမှာ ရှိနေပါတယ်)။ တပ်မတော်ကတော့ သူတို့နိုင်ဖို့မရှိဘူးဆိုတာ နားလည်နေတဲ့ အမှတ်အသားတစုံတရာ ဖော်ပြခြင်း မရှိသေးပါဘူး။
တပ်ခေါင်းဆောင်တွေက ငြိမ်းချမ်းရေး ကမ်းလှမ်းဖို့ရော၊ နိုင်ငံတကာနဲ့ အတိုက်အခံတွေကို ဖိတ်ခေါ်ဆွေးနွေးဖို့ စိတ်ဝင်စားတဲ့ပုံမျိုး ပြသခြင်း မရှိသေးပါဘူး။ အဲဒီလိုလုပ်ရမယ့်အစား ရုရှားနဲ့ တရုတ်တို့ရဲ့ အနည်းငယ်အားပေးမှုနဲ့ တပ်မတော်က သူတို့ ရှုံးရင် လုံးဝဖျက်ဆီးခံရလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ တိုက်ပွဲတွေ အရှိန်မြင့်နေပါတယ်။
တပ်မတော်အကြီးပိုင်းအရာရှိတွေထဲက သူတို့နိုင်မှာမဟုတ်ဘူး ဆိုတာနဲ့ တပ်ကို အဖွဲ့အစည်းတခု အနေနဲ့ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လုပ်ပုံကိုင်ပုံတွေ ပြောင်းရမယ်ဆိုတာကို ဆွဲဆောင်နိုင်ဖို့ လုံလောက်တဲ့ အရေအတွက်ရဖို့ဟာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ သေချာတဲ့ ဖိအားမျိုးတွေ ပိုပြီးပေးတာ လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။
အမေရိက၊ ဥရောပနဲ့ တခြားပိတ်ဆို့ဒဏ်ခတ်မှုတွေကတော့ စစ်အစိုးရရဲ့ နိုင်ငံတကာမှာ တရားဝင်မှုကို လျော့နည်းကျဆင်းစေဖို့ အားကောင်းတဲ့ အစပျိုးမှုတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ လုံလောက်မှုရှိဖို့ အများကြီးလိုနေပါသေးတယ်။ အမေရိကန်အနေနဲ့ အခုလို ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဗင်နီဇွဲလားနဲ့ ဆီးရီးယားမှာ ကြိုးပမ်းခဲ့တာ မအောင်မြင်ခဲ့သလို ပိတ်ဆို့မှုတွေချည်းသက်သက်နဲ့တော့ အာဏာရှင်ကို မောင်းထုတ်နိုင်မှာမဟုတ်ဘူးဆိုတာ နားလည်သင့်ပါတယ်။ နိုင်ငံတကာဖိအားသက်သက်နဲ့ အစိုးရတရပ်ကို ဖြုတ်ချဖို့ဆိုတာ ထင်ယောင် ထင်မှားမှုသာ ဖြစ်ကြောင်း သက်သေပြခဲ့ပါပြီ။
သို့ပေမဲ့ စစ်အစိုးရကို အမှန်တကယ် ထိရောက်စေမှာကတော့ ပြည်တွင်းက ဖိအားပဲ ဖြစ်ပါတယ်။ လူထုအန်တုမှု လှုပ်ရှားမှုကနေ တပ်မတော်ကို ထိခိုက်စေခဲ့ပြီ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အုပ်ချုပ်မှု လုံးဝမအောင်မြင်တာ ရှင်းလင်းအောင်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ စစ်အစိုးရကို စားပွဲဝိုင်းဆီ ခေါ်နိုင်ဖို့ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို လုံးဝအားနည်းသွားစေမယ့် ဒီလှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်နေရပါလိမ့်မယ်။
အစိုးရကိုယ်တိုင်က တင်းတင်းကျပ်ကျပ် ဆက်လက်ဆောင်ရွက်နေစဉ်မှာပဲ၊ စီးပွားရေး၊ အခြေခံအဆောက်အဦနဲ့ တခြားမျက်နှာစာအားလုံးမှာ စစ်အစိုးရ အောင်မြင်မှုမရဖို့ ဒီလှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်ရမှာပါ။ အရှိန်မြင့်လာတဲ့ လက်နက်ကိုင်ဆန့်ကျင်မှုဟာ ပိုပြီးအငြင်းပွားဖွယ်ဖြစ်လာပါတယ်။ ဒါပေမဲ့ စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သူ့ရဲ့ ရက်စက်တဲ့ တုံ့ပြန်မှုတွေကြောင့် ဖြစ်လာရတဲ့ အကြမ်းဖက်မှုတွေကို မွေးမြူထားပါတယ်။
ဒီအချိန်မှာ သိက္ခာပိုင်းနဲ့ လက်တွေ့ပိုင်းမှာ သူတို့ရဲ့နည်းလမ်းတွေကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေသော်လည်းပဲ ဒီလက်နက်ကိုင်ဆန့်ကျင်မှုတွေက စစ်တပ်အပေါ်မှာ နောက်ထပ်ဖိအားတွေ ဖြစ်ပေါ်စေပါတယ်။ ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ မြို့ပြတွေမှာ အကြမ်းဖက်နှိမ်နင်းမှုကို အစိုးရတွေကသာလျှင် ကျင့်သုံးခွင့်ရှိတယ် ဆိုတာတောင်မှ ဒီလက်နက်ကိုင် ဆန့်ကျင်မှုဟာ စစ်တပ်ကို ထိခိုက်စေတဲ့ အဖြစ်မှန်ဖြစ်ကြောင်း နိုင်ငံတကာက သိထားဖို့ လိုပါတယ်။
ဒီအချိန်မှာ လက်နက်ကိုင်ဆန့်ကျင်မှု ဖိအားနဲ့ တွဲဖက်ထားတဲ့ ငြိမ်းချမ်းစွာ လူထုအန်တုမှုဟာ စစ်တပ်ကို သူ့ရဲ့အားနည်းတဲ့ အနေအထားကို နားလည်လာစေနိုင်ပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မျှော်လင့်ချက်လုံးဝမရှိတော့တဲ့ တပ်မတော်အဖို့ကတော့ တသတ်မတ်တည်း ရှိနေတဲ့ ဖိအားတွေဟာ သူ့ရဲ့အထိုင်ကို နောက်ထပ် ထုနှက်နေတဲ့အရာတွေ ဖြစ်ပါလိမ့်မယ်။
လက်ရှိ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ အရာမထင်ဖြစ်နေပြီး သူ့ရဲ့အဖွဲ့အစည်းကိုသာလျှင် အထိနာစေမှာ ဖြစ်ပါတယ်။ ပြီးတော့ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ စည်းစိမ်ချမ်းသာနဲ့ စုဆောင်းရှာဖွေထားတာတွေ အန္တရာယ်ကင်းဖို့အတွက် တခုတည်းသော နည်းလမ်းကတော့ ဖြေလျှော့တာတွေ အမြောက်အမြား လုပ်ဆောင်ပြီး ဆွေးနွေးပွဲကို ကမ်းလှမ်းဖို့ပဲ ဖြစ်ပါတယ်။
တကယ်တော့ ကျနော်တို့ဟာ ယုံကြည်မှု အကျပ်အတည်းတခုရဲ့ အနိမ့်ပိုင်းအဆင့်ကို မြင်ခဲ့ရပြီးပါပြီ။ အာဏာသိမ်းပြီးကတည်းက တချို့သော စစ်သားနဲ့ ရဲတွေ ၃၀၀၀ လောက်က ပြည်သူ့တော်လှန်ရေးတပ်တွေဘက်ကို ကူးပြောင်းလာခဲ့ပါပြီ။ အစဉ်အလာအားဖြင့် သစ္စာရှိတဲ့ စစ်တပ်ကို ထောက်ခံသူတွေအကြားမှာ အက်ကြောင်းတွေလည်းပဲ စတင်တွေ့နေရပါပြီ။ တပ်မတော်က တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လုံးလုံးဖွင့်လှစ်ကောင်းဖွင့်လှစ်နိုင်တယ် ဆိုတာတောင်မှ အတိုက်အခံတွေဘက်က လျှောက်လှမ်းလာဖို့ မသေချာပါဘူး။ စစ်အစိုးရဆန့်ကျင်ရေးအင်အားစုတွေက စစ်အစိုးရကို အယုံအကြည်မရှိကြောင်း နားလည်ရပါတယ်။
တကယ်တော့ အရင်က အာဏာခွဲဝေရေး သဘောတူညီချက်ကို ပယ်ချတာရော၊ အာဏာနဲ့ ဩဇာတွေ ပမာဏအများကြီး ပေးတာရောက ဒီတပ်မတော်တခုတည်းပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ သူ့ရဲ့ကတိကို တည်လိမ့်မယ်လို့ အတိုက်အခံတွေကြားမှာ ယုံကြည်မှု လုံးဝမရှိပါဘူး။
ဒါပေမဲ့ တပ်မတော်လိုပဲ အတိုက်အခံတွေကလည်းပဲ အကြမ်းဖက်မှုတွေနဲ့ စီးပွားရေး ဆုတ်ယုတ်မှုတွေ ဖြစ်ပြီး လအတန်ကြာပြီးနောက်မှာ (နှစ်တွေကြာတာတောင်မှ)မှာ တွေ့ဆုံဆွေးနွေးရေးကို တခုတည်းသော ထွက်ပေါက်အဖြစ် နားလည်လာပါတယ်။
သေချာတာကတော့ တပ်မတော်လိုပဲ အတိုက်အခံတွေကလည်း ဒီစစ်ပွဲကို အပြတ်အသတ် အနိုင်ရချင်တာပါ။ နှစ်ဘက်စလုံးအတွက် ဒီပန်းတိုင်ကို ရောက်ဖို့မဖြစ်နိုင်သေးပေမဲ့ တွေ့ဆုံဆွေးနွေးရေးကို တခုတည်းသောထွက်ပေါက်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်တွေ နားလည်သဘောပေါက်လာဖို့ သိပ်တော့ခက်ခဲလှတာ မဟုတ်ဘူးလို့ မြင်နိုင်ပါတယ်။
တကယ်လို့ အတိုက်အခံတွေဘက်က စားပွဲဝိုင်းကို လာချင်တယ်ဆိုခဲ့ရင်၊ ပြီးတော့ စစ်တပ်ကလည်း ဆွေးနွေးပွဲစဖို့ လုံလောက်တဲ့ဖိအားတွေကို လုံးလုံးခံစားနေရပြီး သိသာတဲ့ အလျှော့ပေးမှုတွေ လုပ်လာတယ်ဆိုခဲ့ရင် အရေးကြီးတဲ့ မေးခွန်းတခုကတော့ “ဘယ်သူတွေနဲ့ ဆွေးနွေးမှာလဲ” ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။
စစ်တပ်နဲ့ အရင် ရွေးကောက်ခံအစိုးရတို့ပဲ ဆွေးနွေးဖို့ ကန့်သတ်ထားတာဟာ မလုံလောက်ပါဘူး။ ဘယ်လို တွေ့ဆုံဆွေးနွေးမှုမျိုးမဆို အဓိကကျတာက ဆယ်စုနှစ်တွေကြာအောင် စစ်တပ်ရဲ့ ဆိုးဝါးတဲ့ ထိုးစစ်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြားက ပေါက်ပွားလာတဲ့ တိုင်းရင်းသား လူနည်းစုတွေကို ပါဝင်စေရေးပဲ ဖြစ်ပါတယ်။
ဖယ်ရှားခံလိုက်ရတဲ့ ဒီမိုကရေစီတပိုင်း အစိုးရအပါအဝင် မြန်မာပြည်ရဲ့ အစိုးရတွေဟာ အများအားဖြင့် လူနည်းစုတွေကို ဖယ်ထုတ်ထားပြီး မျက်နှာလွှဲနေခဲ့တာပါ။ ဒါဟာ သိက္ခာပိုင်းအရ မှားယွင်းနေရုံမကပါဘူး။ ဗျူဟာမြောက် မတည်မငြိမ်မှုတွေလည်းပဲ ဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသား လူနည်းစုတွေက သူတို့ဟာ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ မခံစားရမချင်း၊ ဒါမှမဟုတ် သူတို့အထဲမှာ အနည်းဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပေးမချင်း မြန်မာနိုင်ငံကို ဘယ်သူမှ အုပ်ချုပ်နိုင်မှာ မဟုတ်ပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေချည်းသာ မဟုတ်ဘဲ တိုင်းရင်းသား လူနည်းစုတွေရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီဝင်တွေ အပါအဝင် အားလုံး တွေ့ဆုံဆွေးနွေးခြင်းဟာ ပိုပြီးတော့ တည်ငြိမ်တဲ့ မြန်မာနိုင်ငံကို ထူထောင်ဖို့ အဓိကအချက်ပဲ ဖြစ်ပါတယ်။
ဒီအတိုင်းဆိုရင် အနာဂတ်တွေ့ဆုံဆွေးနွေးမှုတွေမှာ ရိုဟင်ဂျာ အသိုင်းအဝိုင်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်ရပါလိမ့်မယ်။
တဆက်တည်းမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ဦးဆောင်သူတွေ၊ စီဒီအမ်လှုပ်ရှားမှု ဦးဆောင်သူတွေနဲ့ တခြားပါဝင်သူတွေ (လက်နက်ကိုင်ဆန့်ကျင်သူတွေ အပါအဝင်) စစ်အစိုးရကို ဆန့်ကျင်သူတွေအားလုံးကို ထည့်သွင်းရပါလိမ့်မယ်။ ပါဝင်သူအားလုံးကို ဘက်တဘက်တည်းမှာ ချထားတာက တခြား ရွေးချယ်စရာနည်းလမ်းတခုတော့ မဟုတ်ပါဘူး တကယ်တော့ မြန်မာ့အနာဂတ်ကို အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ လုပ်ဆောင်ဖို့ရာ နိုင်ငံတကာ အစိုးရတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မနှစ်မြို့တာတွေကို ဘေးမှာချထားဖို့သာလျှင် မဟုတ်ဘဲ သူတို့ရဲ့ မျှော်လင့်ချက်တွေကို လျှော့ချထားဖို့လည်း လိုအပ်ပါလိမ့်မယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရက ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ တောင်းဆိုတာဟာ ရည်ရွယ်ချက်ကောင်းပေမဲ့ အရှိတရားရဲ့ အပြင်ဘက် ရောက်နေပါလိမ့်မယ်။ ဒီအချိန်မှာ ဒီမိုကရေစီဟာ မြန်မာနိင်ငံအတွက် အရေးကြီးဆုံး ဖြေရှင်းရမယ့် ပြဿနာတရပ်တော့ မဟုတ်ပါဘူး၊ အကြမ်းဖက်မှုနဲ့ ကစဉ့်ကလျားဖြစ်မှုတွေ အဆုံးသတ်ဖို့အတွက် နှစ်ဘက်စလုံးက ထိန်းသိမ်းလမ်းညွှန်ပြီး လုပ်ဆောင်နေတာတွေကို ရပ်နားထားဖို့ပါပဲ။
နိုင်ငံတကာအစိုးရတွေဟာ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေအပေါ်နဲ့ စစ်အစိုးရထိပ်ပိုင်းအရာရှိတွေအပေါ် အရေးယူပိတ်ဆို့မှုတွေကို အရှိန်မြှင့်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့သင့်ပါတယ်။ အမှန်တကယ်တော့ စစ်ခေါင်းဆောင်တွေဟာ စစ်တပ် ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေကနေ အကျိုးအမြတ်နည်းနည်းလေးပဲ ရတယ်လို့ အရပ်သားတွေကို လှည့်စားထားတာပါ။ တပ်မတော်နဲ့ တခြားစစ်အစိုးရလိုလားတဲ့ တပ်ဖွဲ့တွေအတွက် လက်နက်နဲ့ တခြားစစ်အသုံးအဆောင်တွေကို ပိတ်ပင်တာ၊ မြန်မာပြည်က ပိတ်ဆို့အရေးယူထားတဲ့သူတွေနဲ့ အဖွဲ့အစည်းတွေကို သူတို့ရဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ငွေကြေးဆိုင်ရာ ဆောင်ရွက်ပေးနေတာတွေကို တားဆီးပိတ်ပင်တာ၊ စင်ကာပူနိုင်ငံလိုမျိုး သူတို့နဲ့ စီးပွားဖက်တွေကို ဖိအားပေးတာ စတာတွေကို နိုင်ငံတကာအစိုးရတွေက လုပ်ဆောင်သင့်ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေက အရပ်သားတွေရော ဒုက္ခသည်တွေကိုပါ အထောက်အပံ့တွေ ပေးသင့်ပါတယ်။ ဖြစ်နိုင်ပါက အတိုက်အခံတွေ ထွက်ပြေးလာတာကို တားဆီးနေတဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကိုတောင်မှ ဖိအားပေးသင့်ပါတယ်။ နောက်ဆုံးမှာတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက တွေ့ဆုံဆွေးနွေးရေးကို အများဆုံး ပြောဆိုထောက်ခံနေတဲ့ အတိုက်အခံတွေရဲ့ အကြမ်းမဖက်တဲ့ အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို အပူတပြင်း စတင်သင့်ပါပြီ။
ဒီခြေလှမ်းတွေကို အတူတကွ လုပ်ဆောင်ခြင်းအားဖြင့် တွေ့ဆုံဆွေးနွေးရေးဟာ နှစ်ဘက်စလုံးအတွက် ဖြစ်နိုင်တဲ့အရာဆိုတာကို ပိုပြီးသိလာစေပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် နိုင်ငံတွေဟာ ကြားဝင်စေ့စပ်တဲ့ ကဏ္ဍကနေ လုပ်ဆောင်ဖို့ စိတ်အားထက်သန်ပြီး လုပ်နိုင်စွမ်းလည်း ရှိတယ်ဆိုတာကို စစ်တပ်အပေါ် အယုံအကြည်ကင်းမဲ့နေတဲ့ အတိုက်အခံတွေကိုလည်း ရှင်းရှင်းလင်းလင်း နားလည်အောင် လုပ်ရပါလိမ့်မယ်။
ဒါပေမဲ့ အမေရိကန်၊ ဥရောပ၊ တရုတ် ဒါမှမဟုတ် ရုရှားတို့ဟာ ဘယ်အချိန်မှာ ဘယ်သူတွေ တွေ့ကြမယ်ဆိုတာ ဆုံးဖြတ်ချက်ချရမယ့်သူတွေ မဟုတ်ကြပါဘူး။ ဒါဟာ မြန်မာပြည်မှာ ဦးဆောင်နေတဲ့သူတွေကသာ ဖြစ်လာတော့မယ် ဆိုရင်တောင်မှ တွေ့ဆုံဆွေးနွေးရေးဟာ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာကို ဆုံးဖြတ်ကြရပါလိမ့်မယ်။
စာရေးသူ : ချားလ်ဒန့်စ်
ဘာသာပြန်သူ : အေးမင်း(တာမွေ)
(ဝါရှင်တန်ဒီစီအခြေစိုက် Foreignpolicy မဂ္ဂဇင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Charles Dunst ရဲ့ "Myanmar’s Military Must Be Shown It Can’t Win" ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်သည်။)
စာရေးသူ ချားလ်ဒန့်စ်ဟာ မဟာဗျုဟာနဲ့နိုင်ငံတကာလေ့လာရေးဗဟိုရဲ့ အရှေ့တောင်အာရှ အစီအစဉ်မှာ သုတေသနတွဲဖက်လုပ်ကိုင်နေသူဖြစ်ပါတယ်။
မူရင်းလင့် : https://foreignpolicy.com/2021/12/02/military-negotiations-myanmar-nug/