စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက ကပေါင်းကျက ပြန်လည်ဆုတ်ခွာလာတဲ့ စစ်ကြောင်းကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးလောက် သေဆုံးတယ်လို့ တန့်ဆည်ပြည်သူ့ရဲဘော် (TPC) က ထုတ်ပြန်ပါတယ်။
TPC တာဝန်ရှိသူက “စည်တုံးလုံးချောင်း၊ မယ်တော်ကြီးနတ်နန်းတောင်ဘက်မှာ မိုင်းဆွဲလိုက်တာ ခြောက်ကောင်လောက်တော့ သေတယ်။ ကျနော်တို့အဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
TPC ရဲ့ ကြေညာချက်မှာတော့ ဒီဇင်ဘာ ၃ ရက်နေ့က ကန့်ဘလူမြို့နယ်အတွင်း ကျဆုံးခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ် တိုင်းရင်းသားရေးရာတာဝန်ခံ ကိုနှင်းအောင်အတွက် သွေးကြွေးပြန်ဆပ်တာလို့ ဆိုပါတယ်။
တန့်ဆည်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၁ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီစစ်တပ် တပ်စွဲထားတဲ့ အထက်တန်းကျောင်းအဝင်ဝ ကင်းတဲ မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
တန့်ဆည်မြို့နယ်၊ ရေဦး-တန့်ဆည်-ကလေးဝ လမ်းကားလမ်းမမှာ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းကလည်း စစ်တပ်ပိုင် မြန်မာဘီယာတွေ တင်ဆောင်လာတဲ့ ၁၂ ဘီးတွဲကား ၁ စီးပေါ်က ဘီယာဖာ ၁၀၀ လောက်ကို ဖမ်းဆီးဖျက်ဆီးခဲ့တယ်လို့ တန့်ဆည် PDF က ပြောပါတယ်။
“စစ်အုပ်စုပိုင် မြန်မာဘီယာတွေ တင်လာတဲ့ ၁၂ ဘီးကားကို ဖမ်းပြီး ဖျက်ဆီးပစ်လိုက်တာဟုတ်ပါတယ်။ ဘီယာဖာ ၁၀၀ ခန့် ကာလတန်ဖို့ သိန်း ၃၀ ကျော်ခန့်လို့ ခန့်မှန်းပါတယ်။ ကားသမားတွေကိုလည်း နောက်နောင် စစ်တပ်ပိုင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခွင့် မပြုဘူးလို့ သတိပေးပြီး ပြန်လွှတ်လိုက်ပါတယ်။”
မြန်မာဘီယာတွေကို တန့်ဆည် PDF တပ်ခွဲ ၂ က ဖမ်းဆီး ဖျက်ဆီးခဲ့တာဖြစ်ပြီး၊ ကုန်စည်သယ်ယူပို့ဆောင်နေတဲ့ ကားများအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီထုတ် ကုန်ပစ္စည်းတွေကို သယ်ဆောင်ခြင်းမပြုကြဖို့ သတိပေးတားမြစ်လိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မဟာ(တန့်ဆည်မြို့နယ်)က ထုတ်ပြန်ထားပါတယ်။