ချင်းပြည်ထောင်တည်ဆောက်ရေးအတွက် အဟန့်အတားမဖြစ်စေဖို့ ချင်းပြည်သူတွေအနေနဲ့ ပြည်ပကို အပြီးတိုင်ထွက်မသွားကြဖို့ Chinland Joint Defense Committee(CJDC) က မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။
ဒီအချိန်မှာ CJDC အပါအဝင် ပြည်တွင်းပြည်ပက ချင်းအမျိုးသားတွေအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို စည်းစည်းလုံးလုံးနဲ့ တော်လှန်နေချိန် ဖြစ်တဲ့အပြင် ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် အရေးပေါ်အချိန်ကာလဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက မတရားအာဏာသိမ်းပြီးနောက် ချင်းပြည်သူတွေအပေါ် အကြမ်းဖက် ဖမ်းဆီးတာ၊ ရိုက်နှက် သတ်ဖြတ်တာ၊ လုယက်တာ၊ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းအကြမ်းဖက်တာ၊ ဘာသာရေးအဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာနဲ့ အင်အားသုံးထိုးစစ်ဆင်တာတွေကို ဒီနေ့အထိ ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
ပြည်တွင်းက ချင်းပြည်သူတွေအနေနဲ့ ပြည်ပနိုင်ငံတွေကို စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်သွားတာဟာ ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် အဟန့်အတား အခက်အခဲတွေ ဖြစ်စေနိုင်တာကြောင့် အပြီးတိုင် ထွက်မသွားကြဖို့ CJDC က မေတ္တာရပ်ခံပါတယ်။
ပြီးတော့ ချင်းပြည်ထောင်တည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်စေမဲ့ လုပ်ရပ်တွေ၊ ချင်းပြည်သူတွေ ပြည်ပကို အပြီးတိုင် ထွက်ခွာဖို့ အားပေးအားမြှောက်လုပ်တာ၊ သိမ်းသွင်း စည်းရုံး လှုံ့ဆော်တာတွေ လုပ်နေတဲ့ အဖွဲ့အစည်း ပုဂ္ဂိုလ်တချို့ဟာ ကိုယ်ကျိုးစီးပွားအတွက် လုပ်တာဖြစ်လို့ ပြင်းပြင်းထန်ထန် သတိပေးတယ်လို့လည်း ဆိုပါတယ်။
CJDC ဟာ ချင်းအမျိုးသားတပ်ဦး/တပ်မတော်နဲ့ ချင်းလူမျိုးတွေ နေထိုင်ရာ မြို့နယ် ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းထားတာဖြစ်ပြီး ချင်းပြည်ကာကွယ်ရေး အဖွဲ့ကနေ အမည်ပြောင်းထားတာဖြစ်ပါတယ်။