မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၈၅ ယောက်နဲ့ ကူးစက်ခံရသူပေါင်း ၅၂၄,၄၀၇ ယောက် ကျော်လာခဲ့ပြီဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၅,၅၅၀ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂၈၅ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၁ ဒသမ ၈ ရာခိုင်နှုန်း ရှိနေပါတယ်။
ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၅၀၄ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၆ ယောက်နဲ့ စုစုပေါင်းသေဆုံးသူအရေအတွက်ကတော့ ၁၉,၁၄၁ ယောက် ရှိနေပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံဒေသအတွင်း ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ဆေး အစောဆုံးထိုးနှံနိုင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အာဆီယံ ၁၀ နိုင်ငံမှ ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ရာခိုင်နှုန်းမှာတော့ အနည်းဆုံးဖြစ်နေတာကို Vaccine Tracker အချက်အလက်တွေအရ တွေ့ရှိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်နိုင်တင်း ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၂.၃ သန်း (၁၂,၃၀၅,၆၃၁) ဦးနဲ့ ပထမအကြိမ်ထိုးနှံပြီးစီးသူ ၅.၃ သန်း (၅,၃၀၅,၃၂၈) ဦးရှိပြီဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ လူဦးရေ ၅၅ သန်းရဲ့ ၂၂.၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုး နှံထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကူးစက်ခံရတဲ့ ၄၄ နိုင်ငံမှာ ပျံ့နှံ့ကူးစက်နေပြီး အာဖရိကနိုင်ငံတွေ၊ ဉရောပနိုင်ငံတွေ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ စင်ကာပူ၊ အိန္ဒိယနဲ့ မလေးရှား စတဲ့နိုင်ငံတွေ ကူးစက်ခံနေရပြီလို့ သိရပါတယ်။