စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် လဟယ်မြို့ အထက်တန်းကျောင်းမှာ ဒီဇင်ဘာ ၄ ရက်နေ့က ကျောင်းသားနဲ့ဆရာ ၄၀ နီးပါး ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
“ဒီကနေ့မနက် လဟယ်မြို့ အ.ထ.က ကျောင်းမှာ အယောက် ၁၀၀ ကိုဗစ်-၁၉ စစ်ဆေးတယ်ကျ၊ ကျောင်းသူကျောင်းသား ၃၅ ဦး ကိုဗစ်-၁၉ ကူးစက်ခံရတယ်၊ ဆရာမက ၄ ဦး စုစုပေါင်း ၃၉ ဦး ကိုဗစ်ပိုးတွေ့ခဲ့တယ်” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကျောင်းသားမိဘတစ်ဦးက “ကိုဗစ်ပိုး ကူးစက်ခံရတဲ့အတွက် စိုးရိမ်နေကြတယ်။ အခု ဘယ်ကဘယ်လို ကူးစက်တယ်ကိုမသိရဘူး။ ကျမတို့ သားတွေအတွက် စိုးရိမ်နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက အခြေခံစာသင်ကျောင်းတွေကို နိုဝင်ဘာ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာတော့ ကူးစက်ခံရသူပေါင်း ၅၂၄,၀၀၀၊ သေဆုံးသူ ၁၉,၁၃၅ ယောက် ရှိပြီလို့ ဒီဇင်ဘာ ၄ ရက်နေ့ည စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။