စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း CDM ဝန်ထမ်းတွေအတွက် ဒေသခံပြည်သူတွေက ဒီဇင်ဘာ ၄ ရက်မနက်ပိုင်းမှာ စားနပ်ရိက္ခာပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဌာနပေါင်းစုံ CDM ဝန်ထမ်း ၁၅၀ ကျော်အတွက် ဆန် ၄ ပြည်၊ ပဲ ၊ ကိုယ်တိုက်ဆပ်ပြာ ၃ ခဲ၊ ဟင်းချိုမှုန် ၂၅ ကျပ်သား စတာတွေ ထောက်ပံ့ခဲ့တာလို့ ကနီမြို့နယ်ကျေးရွာတစ်ရွာက CDM ထောက်ပံ့ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
“ပြည်သူကိုချစ်တဲ့ ပြည်သူဝန်ထမ်းကို ပြည်သူကထောက်ပံ့ပေးတာပါ။ ပြောချင်တာက CDM ဝန်ထမ်းအကုန်မဟုတ်ပေမဲ့ ကျနော်တို့ ဒေသခံပြည်သူတွေ နိုင်သလောက်ပေါ့ လုပ်ပေးရတာပါ။ ဒီအကြိမ်နဲ့ဆို ၃ ကြိမ်မြောက်ပဲဗျ။”
ကနီတမြို့နယ်လုံးအတိုင်းအတာနဲ့ ကူညီမှုတွေ ဆက်လုပ်သွားချင်တဲ့အတွက် ကူညီလှူဒါန်းပေးကြဖို့လည်း CDMထောက်ပံ့ရေးအဖွဲ့က တိုက်တွန်း ပါတယ်။
ကနီမြို့နယ်မှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း Non-CDM ကနေ အာဏာဖီဆန် CDM လုပ်လာတဲ့ ဝန်ထမ်းအများအပြားရှိနေပေမဲ့ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းတွေလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။