နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေထဲက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက ရွှေ၊ ဒေါ်လာနဲ့ ဗုဒ္ဓရုပ်ပွားတော် ယူခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုကို ဒီဇင်ဘာ ၃ ရက်က နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက စုံစမ်းသိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီဘက်က တရားလိုပြသက်သေအဖြစ် တင်သွင်းထားတဲ့ ဦးဖြိုးမင်းသိန်းရဲ့ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်ကြည်၊ ယာဉ်မောင်း ဦးဖြိုးကိုကိုဝင်းနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာ ကူညီပေးနေတဲ့ ဒေါ်ဝေဝေသန်းတို့ တရားရုံးမှာ ထွက်ဆိုချက်တွေ ပေးခဲ့ကြပါတယ်။
ဒေါ်ဝေဝေသန်းကို စစ်ကောင်စီက ဗုဒ္ဓရုပ်ပွားတော်နဲ့ပတ်သက်ပြီး လိုပြသက်သေအဖြစ် တင်သွင်းခဲ့တာဖြစ်ပေမဲ့ ဒေါ်ဝေဝေသန်းကတော့ ရုပ်ပွားတော်နဲ့ပတ်သက်ပြီး ဘာမှမပြောဆိုခဲ့ဘူးလို့ သိရပါတယ်။
ဒီအမှုအတွက် ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်က နိုဝင်ဘာ ၁၂ ရက်နေ့က တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ပါတယ်။
ဒေါ်ခင်မိမိကြွယ်က သူ့ခင်ပွန်း ဦးဖြိုးမင်းသိန်းရဲ့တောင်းဆိုချက်အရ ဒေါ်လာနဲ့ရွှေချောင်းတွေကို ပြင်ဆင်ပေးခဲ့ရတယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ အောက်တိုဘာ ၁ ရက်နေ့ထွက်ဆိုချက်ကို အတည်ပြုပေးဖို့ ကြိုးစားခဲ့တာပါ။
ဒေါ်လာနဲ့ရွှေချောင်းတွေ အဆင်သင့်ဖြစ်တဲ့အချိန်နဲ့ သွားပေးတဲ့အချိန်တွေကိုတော့ ရက်စွဲအတိအကျနဲ့ ဒေါ်ခင်မိမိကြွယ်က ထွက်ဆိုခဲ့တာမရှိခဲ့ပါဘူး။
မန္တလေးတိုင်း တရာလွှတ်တော်မှာ စွဲဆိုထားတဲ့ အဂတိအမှု ၄ မှုကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ တရားရုံးက ပြန်လည်ချိန်းဆိုခဲ့ပြီး အဲ့ဒီနေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက ထပ်မံစွဲဆိုထားတဲ့ အဂတိအမှုသစ်ရဲ့ တရားလိုကို စတင်စစ်ဆေးသွားဖို့ ရှိနေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲ အစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ)အမှုနဲ့ အတိုင်ပင်ခံနဲ့သမ္မတတို့ကို စစ်ကောင်စီက သီးခြားစီစွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မအမှု ၂ ခု၊ စုစုပေါင်းအမှု ၃ ခုကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ ချိန်းဆိုခဲ့ပေမယ့် တရားရုံးက ဒီဇင်ဘာ ၆ ရက်မှ အမိန့်ချမယ်ဆိုပြီး ရက်ရွှေ့ဆိုင်းထားပါတယ်။
သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စွဲဆိုထားတဲ့ တခြား သဘာဝဘေးပုဒ်မအမှု ၂ ခုကိုလည်း ဒီဇင်ဘာ ၆ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ နိုဝင်ဘာ ၂၂ ရက်နေ့ရုံးချိန်းမှာ တရားရုံးက ဆုံးဖြတ်ထားပါတယ်။
ဒါကြောင့် ဒီဇင်ဘာ ၆ ရက်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အမှု ၃ ခု၊ သမ္မတဦးဝင်းမြင့်က အမှု ၂ ခုအတွက် စီရင်ချက်ချခံရမှာဖြစ်ပါတယ်။
ရွှေနဲ့ ဒေါ်လာတွေ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေ အားလုံးဟာ အဓိပ္ပာယ်မဲ့တယ် (All Absurd) လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၄ ရက်နေ့ရုံးချိန်းမှာ တုံ့ပြန်ပြောဆိုထားပါတယ်။