ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀ ယောက်မှာ ၁ ယောက်နှုန်းလောက်နဲ့ သေဆုံးနေပြီး တချိ့မြို့နယ်တွေမှာ ဒိထက်ပိုများနေတယ်လို့ တရားဝင် ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်တဲ့စာရင်းဇယားတွေအရ နိုဝင်ဘာ ၃၀ ရက်အထိ တပြည်နယ်လုံးမှာ ကိုဗစ်ပိုးတွေ့လူနာ ၅၁၆၁ ယောက်ရှိတာပါ။
သေဆုံးသူ စုစုပေါင်းကတော့ ၄၉၈ ယောက်ရှိနေပြီး အဲဒီနေ့အထိ ကုသခံနေရဆဲလူနာ အယောက် ၂၀ ရှိနေပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခုရှိတဲ့အထဲ ဂွမြို့နယ်မှာ ပိုးတွေ့လူနာ ၁၁၃၇ ယောက်ရှိတာကြောင့် အများဆုံးဖြစ်ပါတယ်။ စစ်တွေမှာတော့ ပိုးတွေ့လူနာပေါင်း ၆၄၅ ယောက်ရှိပြီး ၇၃ ယောက် သေဆုံးခဲ့တာကြောင့် သေဆုံးသူက အများဆုံးဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်မှာတော့ ပိုးတွေ့လူနာ ၅၈၄ ယောက်ရှိပြီး ၆၃ ယောက်သေဆုံး၊ တောင်ကုတ်မြို့မှာ ပိုးတွေ့လူနာ ၂၂၄ ယောက်ရှိပြီး ၆၅ ယောက်သေဆုံးခဲ့တာကြောင့် အဆိုပါမြို့နယ်တွေမှာ ကိုဗစ်လူနာ ၁၀ ယောက်မှာ ၃ ယောက်နှုန်းသေဆုံးခဲ့တာပါ။ သံတွဲမြို့မှာတော့ ပိုးတွေ့လူနာ ၄၀၄ ယောက်ရှိပြီး ၅၁ ယောက်သေဆုံးခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်မှာ ကိုဗစ်ပိုးတွေ့နှုန်းကျဆင်းလာနေတယ်ဆိုပြီး ပြည်နယ်တွင်းက တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေနဲ့ ဒီဂရီကောလိပ်တို့ကို မကြာခင်ပြန်ဖွင့်ဖို့ ပြင်ဆင်နေပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနကတော့ တနိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ ၅၁၂ ယောက် ထပ်တွေ့ရတယ်လို့ မနေ့ညက ထုတ်ပြန်ပြီး စုစုပေါင်း လူနာ ၅၂၃,၃၄၆ ယောက်ရှိလာပြီ ဖြစ်ပါတယ်။
မနေ့က ထုတ်ပြန်ချက်အရ ၉ ယောက် ထပ်သေဆုံးခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း အယောက် ၁၉,၁၂၀ ရှိပြီဖြစ်ပါတယ်။