မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာကို ဒီဇင်ဘာ ၃ ရက် ဒီနေ့မနက်အစောပိုင်းက စစ်ကောင်စီလက်နက်ကိုင် စစ်ကြောင်းဝင်ရောက်လာပြီး ကျေးရွာရှိ ပြည်သူလူထုတွေရဲ့ နေအိမ်တချို့ကို ဖျက်ဆီးခဲ့သလို တချို့ကိုမီးရှို့ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းကျေးရွာမှာ အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၁ ရက်နေ့ကတည်းက ကင်းကျေးရွာကို ရောက်ရှိနေပြီး ကင်းကျေးရွာက လွင်ဦးဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ် သဖန်းကိုင်းအုပ်စု သဖန်းကိုင်းကျေးရွာမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား၁၀၀ လောက်ဟာ ဒီဇင်ဘာ ၂ ရက် ညပိုင်းမှာ ရောက်ရှိလာပြီး သဖန်းကိုင်းစာသင်ကျောင်းမှာ တပ်စွဲထားပါတယ်။
ဒီဇင်ဘာ ၃ ရက် ဒီမနက်အစောပိုင်းမှာတော့ စစ်ကောင်စီတပ်က ကင်းကျေးရွာ အရှေ့ပိုင်းရှိ ရွာခံ ဦးကျော်မိုးရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ကျေးရွာအတွင်းရှိ တခြားအိမ်တွေကိုလည်း ရိုက်ဖျက်နေတယ်လို့ သိရပါတယ်။
အခုမီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ဟာ စစ်ကောင်စီတပ်တွေရဲ့ နှိပ်စက်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ကျူရှင်ဆရာကိုသိန်းဇော်ရဲ့အစ်မ နေထိုင်တဲ့ အိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"သဖန်းကိုင်းကျေးရွာက စစ်ကြောင်းကတော့ အခုအချိန်ထိ လှုပ်ရှားမှုမရှိသေးပဲ အခြေအနေစောင့်ကြည့်နေရတယ်"လို့ နယ်ခံတစ်ဦးက ပြောပါတယ်။
မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၉ ယောက်ရှိပြီး ၂ ယောက်က ကင်းကျေးရွာက ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုလကလည်း သဖန်းကိုင်း ကျေးရွာက နေအိမ် ၁၀ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး လတ်တလောမှာတော့ ကင်းရွာနဲ့ သဖန်းကိုင်းကျေးရွာတွေက ရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက် ညနေ ၆ နာရီလောက်က မတ္တရာမြို့ကနေ လစာထုတ်ပြီး ပြန်လာတဲ့ စစ်ကောင်စီခန့် တောင်ကန်အုပ်စုအုပ်ချုပ်ရေးမှူး ဦးသောင်းမြိုင်(ကင်းကျေးရွာနေ)ဟာ ကင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ပစ်သတ်ခံခဲ့ရပါတယ်။