ကချင်ပြည်နယ်မှာ တကျော့ပြန်စစ်ဖြစ်ပြီးနောက် စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတာ ဆယ်စုနှစ်ချီကြာလာပြီဖြစ်လို့ စစ်ပြေးဒုက္ခသည် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ဘဝဟာ အနာဂတ်မဲ့နေသလို အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်အများစုဟာလည်း ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေကြရပါတယ်။
အထူးသဖြင် ဆေးဝါး၊ အစားအစာ၊ အာဟာရ၊ ကျန်းမာရေးနဲ့ ငွေရေးကြေးရေး အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်တွေက ပြောပါတယ်။
“ကိုယ်ဝန်စရှိတဲ့အချိန်မှာ ဟိုဟာမစားချင်၊ ဒီဟာမစားချင်နဲ့ ကိုယ်စားချင်တဲ့ဟာကို ဝယ်စားဖို့ ကျတော့လည်း ပိုက်ဆံကမရှိဘူး” လို့ ကိုယ်၀န် လေးလလွယ်ထားတဲ့ ဒေါ်ဒွဲဘူက ပြောပါတယ်။
လက်ရှိ ကလေးနှစ်ယောက်မိခင်ဖြစ်သူ ဒေါ်ဒွဲဘူဟာ သူနေထိုင်ရာ ဂါးရာယန်ကျေးရွာ အနီးတ၀ိုက် စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မိုင်းနား KBC စစ်ရှောင်စခန်းမှာ ရောက်ခိုလှုံနေရတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မိုင်းနားကျေးရွာ မိုင်းနား KBC စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေပြီး အခုလတ်တလောမှာတော့ မိုင်းနား KBC စခန်းမှာ ဒေါ်ဒွဲဘူနဲ့အတူ ကိုယ်ဝန်ဆောင်အမျိုးသမီး အယောက် ၂၀ လောက်ရှိတယ်လို့ စခန်းတာဝန်ခံထံကနေ သိရပါတယ်။
သူအပါအ၀င် ကိုယ်၀န်ဆောင်တွေအတွက် ဆေးဝါးတွေနဲ့ အမြဲတမ်းကျန်းမာရေး၀န်ထမ်း တစ်ယောက် သတ်သတ်မှတ်ရှိသင့်တယ်လို့ ဒေါ်ဒွဲဘူက ပြောပါတယ်။
ကိုယ်၀န်ဆောင်အများစုဟာ အာဟာရရှိမယ့်အစာတွေ ၀၀လင်လင်စားဖို့ လိုအပ်နေသလို အိပ်ရေးလည်း ၀ရန်ဖို့လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။
လက်ရှိ မိုင်းနားစစ်ရှောင်စခန်းရှိ ကိုယ်၀န်ဆောင်တွေအတွက် အာဟာရအဖြစ် WFP(World Food Programme) က ပေးတဲ့ အာဟာရတစ်ထုပ်ကို တစ်လ တစ်ကြိမ်သာရရှိကြတာပါ။
စစ်ဘေးရှောင်စခန်းမှာ ကျန်းမာရေးဆရာ မလာလို့ အပြင်ဆေးခန်းတွေမှာ ဆေးသွား၀ယ်သောက်ရတာမျိုးလည်းရှိတယ်လို့ မိုင်းနား KBG စစ်ရှောင်စခန်းက ကိုယ်၀န် ၆ လ လွယ်ထားရသူ ဒေါ်ဖောလ်လီဂျာမျိုးပန်က ပြောပါတယ်။
ဘယ်အချိန်မှာ ငြိမ်းချမ်းရေးရမှာ မသိနိုင်ဘဲ အခြေအနေက တနှစ်ထက်တနှစ် ပိုဆိုးလာပြီး ကိုဗစ်ရောဂါကလည်း စစ်ဘေးရှောင်တွေရဲ့ အခြေအနေကို ပိုဆိုးစေနေတာဖြစ်ပါတယ်။
တိုက်ပွဲတွေမရှိခင်က လုပ်ခဲ့တဲ့အလုပ်တွေ ပြန်လုပ်ချင်ပြီး အခုတော့ တခုခုလုပ်မယ်ဆိုရင် ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းထားတဲ့ နိုင်ငံရေးအခြေအနေကြောင့် အလုပ်အကိုင်မရှိ၊ ၀င်ငွေမရှိ ဖြစ်နေတယ်လို့ ဒေါ်ဖောလ်လီဂျာမျိုးပန်က ပြောပါတယ်။
ဂါးရာယန်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ KIA တို့ တိုက်ပွဲဖြစ်လို့ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။
“ပြောင်းတွေရော အိမ်တွေရော ပစ်ပြီး ပြေးလာရတယ်။ အဲဒါကြောင့် အမြန်ငြိမ်းချမ်းပြီး အိမ်ပြန်ချင်တယ်” လို့ ဒေါ်ဖောလ်လီဂျာမျိုးပန်က ပြောပါတယ်။
မိုင်းနား KBC စခန်းတာဝန်ခံ ဦးဘရန်ဆိုင်းရဲ့ ပြောကြားချက်အရ မိုင်းနား KBC စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၅၃၂ စုနဲ့ လူဦးရေ ၂၉၀၀ ရှိကြောင်း သိရပါတယ်။
ကချင်မှာ စစ်ရှောင် စခန်း ၉၀ ကျော်ရှိပြီး လူဦးရေ ၇၀၀၀၀ ကျော်ရှိတယ်လို့ KBC (ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်) က စစ်ရှောင်အရေး ဆောင်ရွက်နေသူတစ်ဦးဆီကနေ သိရပါတယ်။
KBC စခန်းတာဝန်ခံ ဦးဘရန်ဆိုင်းက “ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အခက်အခဲဆိုတာကျတော့ ကျနော် တွေ့ရ မြင်ရသလောက် အခက်အခဲတော့ သူတို့တော့ ပိုရှိမှာပေါ့။ ဒီ Camp ထဲမှာ နေတဲ့သူအားလုံးလည်း အခက်အခဲတော့ အများကြီးရှိတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ မိသားစုတစ်စုမှာ ဆယ်ပေ၊ ဆယ့်နှစ်ပေပတ်လည်အခန်းမှာပဲ နေရတဲ့အခါကျတော့ အကုန်လုံးတော့ နေထိုင်မှုကအစ တကိုယ်ရေ သန့်ရှင်းမှုကအစ ခက်ခဲမှုတော့ရှိမှာပဲ။ အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်တွေကတော့ပိုပြီး အခက်အခဲရှိမယ်လို့တော့ ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီမှာကျတော့ နွေရာသီ မိုးတွင်းဆို အရမ်းပူအိုက်တဲ့အချိန်ဆိုရင်တော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။
ဝိုင်းမော်မြို့၊ မဒိန်ကျေးရွာအနားမှာ ခလရ ၅၈ တပ်ရင်းက အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ KIA တပ်တွေ မကြခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတာဖြစ်ပါတယ်။
တခါတရံ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေကို ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး ကြောက်ရွံ့တုန်လှုပ်မိတယ်လို့ မဒိန်ကျေးရွာက စစ်ရှောင်လာတဲ့ ကလေးနှစ်ယောက်အမေ ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်ဇနောက ပြောပါတယ်။
“အခု ဒီစစ်ရှောင်စခန်းမှာ ရောက်နေတာ သုံးလရှိပြီ။ သမံတလင်းမှာ အထပ်သားပြားခင်းပြီး အိပ်ရတယ်၊ အခုက ကိုယ်ဝန် ခုနစ်လရှိလာပြီဆိုတော့ ရှေ့လျှောက်ဒီလိုပဲ စစ်ဖြစ်နေမယ်ဆိုရင် မွေးဖွားတာကအစ အဆင်ပြေပါ့မလားပေါ့။ ပိုက်ဆံလည်း မရှာနိုင်ဖြစ်တဲ့အတွက် စိုးရိမ်မိတယ်။ ဝိုင်းမော်က ရွာတွေမှာဖွင့်ထားတဲ့ မိခင်နဲ့ ကလေးဆေးခန်းက အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားပြီ။ ဆေးဝါးအစားအစာနဲ့ ဆေးခန်းပြဖို့ ငွေရေးကြေးရေးခက်ခဲမှုတွေ ရှိနေတယ်” လို့ သူက ပြောတယ်။
မဒိန်ကျေးရွာမှာ မလွမ့်နန်းက “ကိုယ့်အိမ်လို မဟုတ်ဘူးဆိုတော့ နေရထိုင်ရတာတော့ အဆင်မပြေဘူးပေါ့။ ဆေးခန်းတွေ သွားရတယ်။ ဆေးတွေဝယ်ရတယ်ဆိုတော့ ပိုက်ဆံကလည်း မရှိဘူးလေ။ မွေးတာကတော့ ဝိုင်းမော်ဆေးရုံမှာပဲ မွေးမယ်လို့ စဉ်းစားထားတယ်။ အိမ်မှာပဲ အေးအေးဆေးဆေး ပြန်နေချင်တယ် အခုကစစ်ဖြစ်တယ်ဆိုတော့ ဟိုသွားလိုက် ဒီသွားလိုက်နေ နေရတာအဆင်မပြေဘူး” လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့က ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၂၀၁ စုနဲ့ လူဦးရေ ၁၁၇၀ ရှိပြီး ကိုယ်ဝန်ဆောင် ၁၅ ဦးရှိကာ WFP က အာဟာရမှုန့်နဲ့ မြန်မာ့ဆရာဝန်များအသင်းက ကလေးအနှီး ထောက်ပံတာတွေရှိပြီး ကိုဗစ်ကာလမှာ ရပ်နားထားတယ်လို့ သိရပါတယ်။
“တချို့တွေက အနှီးတွေမရှိဘူး။ တချို့တွေက အာဟာရပြည့်အောင် စားဖို့ မွေးဖို့ ပိုက်ဆံလည်း လိုအပ်ပါတယ်။ မြန်မာ့ဆရာဝန်များအသင်းက ကိုဗစ်မဖြစ်ခင် တစ်လ တစ်ခါလောက် ကိုယ်ဝန်ဆောင်နဲ့ နှစ်နှစ်အောက် ကလေးတွေ၊ ဖျားနာတဲ့ ကလေးတွေကို လာကြည့်ပေးတယ်။ ရပ်ကွက်က ဆရာမတစ်ယောက်လည်း တစ်လ တစ်ခါ လာကြည့်ပေးတယ်။ စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်တွေ နေရတာတော့ မသင့်တော်ဘူး။ ကျဉ်းကျပ်တယ်။ လွတ်လွတ်လပ်လပ်မရှိဘူး။ အခန်းပိုင်းဆိုင်ရာမှာလည်း ၉ ပေပတ်လည်အခန်းကျဉ်းထဲမှာ တချို့တွေက မိသားစုများတယ်။ အဲဒီအခါကျတော့ သိပ်တော့အဆင်မပြေပါဘူး” လို့ ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်အရေး ဆောင်ရွက်ပေးနေသူ ဒေါ်ဂျာယုံက ပြောပါတယ်။
“အခုက နိုင်ငံရေးကလည်း မကောင်းဘူး။ ရောဂါတွေကလည်း ဖြစ်ဆိုတော့ ကိုယ့်သားသမီးကို ဘယ်လိုမွေးရမလဲ။ ဘယ်လိုပြုစုပျိုးထောင်ရမလဲ။ မွေးခါနီးဆိုရင် ဘယ်လိုဖြစ်မလဲ၊ ခွဲမွေးရမလား။ အဲဒီလို စိတ်ပူနေရတယ်။ အိမ်ကတော့ တော်တော်လေးကို ပြန်ချင်နေပြီ။ နေရာကလည်း ကျဉ်းကျဉ်းကျပ်ကျပ်။ ကိုယ့်နေရာ ကိုယ့်ဒေသမှာတော့ လွတ်လွတ်လပ်လပ် နေလို့ရတယ်။ ဒီမှာက လူအများကြီးနဲ့ နေရတော့ခက်တယ်။ ဒါပေမဲ့ အိမ်ပြန်လို့လည်း မရ၊ သွားလို့လည်း မရဆိုတော့ ဖြစ်သလိုနေနေရတယ်” လို့ ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင် မာထက ပြောပါတယ်။
စခန်းမှာ ကလေးမွေးဖို့ လိုအပ်တဲ့ ပစ္စည်းတွေ အဆင်သင့်မရှိဘူးလို့လည်း ဂျန်မိုင်ကောင်း စစ်ရှောင်စခန်းက မဆိုင်းမိုင်က ပြောသည်။
မြန်မာနိုင်ငံဆရာဝန်များအသင်းက ကလေးအနှီးနဲ့ ဆေးပစ္စည်းတချို့ ထောက်ပံပေးပြီး လာကြည့်တာရှိပေမဲ့ အစစအရာရာ အရမ်းခက်ခဲနေပြီး ဆေးခန်းပြဖို့လည်း ငွေကြေးခက်ခဲနေတယ်လို့ ကိုယ်ဝန်ဆောင်မိခင်တွေက ပြောပါတယ်။
စစ်တပ်အာဏာမသိမ်းခင် ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတွေပိတ်သိမ်းပြီး နေရပ်ပြန်ခွင့်ရနိုင်မယ့် မျှော်လင့်ချက် ရောင်ခြည်သန်းခဲ့ဖူးပါတယ်။
အခုတော့ စစ်တပ်ဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်၊ ဗန်းမော်၊ တနိုင်း၊ ကာမိုင်း၊ မန်စီ၊ မိုးမောက်၊ ဒေါ့ဖုန်းယန်မြို့တွေအနီးမှာ တိုက်ပွဲတွေပြန်ဖြစ်လာနေလို့ စစ်ဘေးရှောင်တွေ ကိုယ့်အိမ် ကိုယ့်ရွာကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ကတော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။
မီးမီး