Home
မြန်မာသတင်း
မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
November 26, 2021
261074493_1588986784799412_3554433500965479539_n

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကြာပင်အုပ်စု၊ ကျွန်းပင်ကျေးရွာအနီးမှာ စစ်ကောင်စီ စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ မတ္တရာနယ်ခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက် မနက် ၁၁ နာရီခန့်က တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး စစ်ကောင်စီ စစ်သား နှစ်ဦး ဒဏ်ရာ(စိုးရိမ်ရ) ရရှိသွားကြောင်းနဲ့ နောက်ဆက်တွဲ ထိခိုက်မှုတွေကိုတော့ မသိရှိရသေးဘူးလို့ နယ်ခံတွေက ပြောပါတယ်။

"မတ္တရာမြို့နယ် အရှေ့ပိုင်းကရွာတွေကို ကားသေးတစ်စီး၊ ကားအကြီးတစ်စီး အင်အားအပြည့်နဲ့ တက်သွားပြီး ပြန်အလာ မိုင်းဆွဲအတိုက်ခံရတာပဲ၊ ကားကြီးထိသွားတယ်ကြားတယ်" လို့ နယ်ခံတစ်ဦးက ပြောပါတယ်။

မိုင်းကွဲပြီးနောက် စစ်ကောင်စီတပ်တွေက ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့သလို မိုင်းခွဲမှုကြောင့် စောင်းသွားတဲ့ကားကို ပြန်လည်ပြင်ဆင်ကာ ညနေပိုင်းမှာ ပြန်မောင်းသွားကြတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ကျွန်းပင်ကျေးရွာအနီး သဖန်းကိုင်းကျေးရွာက စာသင်ကျောင်းမှာ တပ်စွဲထားတာကြောင့် အဆိုပါကျေးရွာအနီးအနားက ရွာတွေမှာ နေထိုင်ကြသူအများအပြား တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၂၁ ရက်နေ့ ညပိုင်းကလည်း မတ္တရာမြို့နယ် အောက်တောင်ကိုင်းကျေးရွာရှိ Mytel Tower တိုင်တစ်ခုကိုလည်း အဝေးထိန်းစနစ်သုံးကာ  မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တာဝါတိုင်ရဲ့ စက်ခန်းတစ်ခုလုံး ပျက်စီးသွားခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

တာဝါတိုင်ဖျက်ဆီးခံရပြီး နောက်တစ်ရက် နိုဝင်ဘာလ ၂၂ရက် မှာ အောက်တောင်ကိုင်းကျေးရွာက NLD ဆိုင်းဘုတ်ထောင်ထားတဲ့ နေအိမ်က အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာတော့ မိုင်တဲလ်တာဝါတိုင် လေးတိုင်အထိ ဖျက်ဆီးခံထားရသလို မတ္တရာမြို့ထိပ်က တိုးဂိတ်၊ ဝန်တင်ကုန်းကျေးရွာအနီး နဲ့ ကျွန်းပင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေကို ပစ်မှတ်ထားကာ မိုင်းခွဲ‌တိုက်ခိုက်တာတွေ ‌ဖြစ်ပွားခဲ့တယ်လို့ မတ္တရာမြို့ခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ CJ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024