ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်ကျေးရွာအနီးက ဟိုဖိတ်ကျေးရွာမှာ နိုဝင်ဘာ ၂၅ ရက် ဒီနေ့ မနက် အစောပိုင်းက စစ်ကောင်စီတပ်နဲ့ KNDF တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF တပ်ဖွဲ့ဝင် ၄ ယောက် ကျဆုံးသွားတယ်လို့ KNDF ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။
ဒီမနက် ၅ နာရီကျော်လောက်က စစ်ကြောင်းထိုးလားတဲ့စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာမှာ အခုလို ကျဆုံးခဲ့တာဖြစ်ပါတယ်။
KNDF ပြောခွင့်ရသူက “ မနက် အစောကြီးကတည်းက ပစ်ကြတာ။ ၅ နာရီကျော်လောက်ကတည်းက မနက် ၅ နာရီကျော်မှာ စပြီးတော့ ပစ်တယ်။ မနက် ၉ နာရီမထိုးခင်မှာ ပြီးတယ်။ လက်နက်ကြီးတော့ အများကြီး ပစ်တာပေါ့လေ၊ အမြောက်တပ်ကကော။ ၄ ယောက်ကျတယ်၊ KNDF က။ ရန်သူဘက် အခြေအနေတော့ ဘာမှ မသိရဘူး။ စစ်ကောင်စီက စစ်ကြောင်းထိုးလာတာ။ ပြီးတော့ ထိပ်တိုက်ဖြစ်တာ။ ”လို့ ပြောပါတယ်။
ကျဆုံးသွားတဲ့ KNDF တပ်ဖွဲ့ဝင် ၄ ဦးဟာ တပ်ရင်း ၉ ကဖြစ်ပြီး နာမည်အတိအကျတော့ မသိရသေးပေမယ့် သူတို့ကို မနက်ဖြန် သင်္ဂြိုဟ်ဖို့ အစီအစဉ်ရှိပါတယ်။
နိုဝင်ဘာ ၂၃ ရက်ကလည်း လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ တရက်တည်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးသွားပါတယ်။