ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်က အခြေခံပညာ အထက်တန်းကျောင်းတွေမှာ နိုဝင်ဘာ ၂၄ ရက်က ဗုံးပေါက်ကွဲမှုနဲ့ မီးကွင်းပစ်မှုတွေတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာက အ.ထ.က (ခွဲ) မှာ မနက် ၆ နာရီခွဲ လောက်နဲ့ ၈ နာရီခွဲလောက် အသံမှိုင်း နှစ်ကြိမ် ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အသံမိုင်း ပထမတစ်လုံးကွဲတယ်၊ နောက် နှစ်နာရီလောက်ခြားပြီး တစ်လုံးထပ်ကွဲတယ်။ လူထိခိုက်တာတော့ မရှိဘူး။ အသံတော့ကျယ်တယ်။"
မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့နယ် အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းမှာလည်း ည ၇ နာရီ လောက်က မီးကွင်းပစ် မီးရှို့ခံရတယ်လို့ သိရပါတယ်။
အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းကို ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက မီးကွင်း လာရောက်ပစ်သွားတာလို့လည်း မျက်မြင်ဒေသခံတွေက ပြောပါတယ်။
"ည ၇ နာရီလောက် ဆိုင်ကယ်နဲ့ အမျိုးသားနှစ်ဦး ကျောင်းအနောက်ဆောင်ကို မီးကွင်း လာပစ်သွား တာ။ ပတ်ဝန်းကျင်ကသူတွေ မြင်လိုက်လို့ အချိန်မီငြိမ်းလိုက်နိုင်တယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျောင်းဆောင်ဝင်းအတွင်း မီးကွင်းအပစ်ခံရတာကို ကျောင်းအနီးတဝိုက်က ပြည်သူတွေ ငြှိမ်းသတ်ခဲ့တဲ့အတွက် အနည်းငယ်သာ လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။