တရုတ်နိုင်ငံကလှူဒါန်းတဲ့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ သန်းဟာ ၃ သုတ်ခွဲပြီး ရောက်ရှိလာခဲ့ပြီးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၃၁သန်းရှိခဲ့ပြီး မိတ်ဆွေနိုင်ငံတွေက လှူဒါန်းလာတဲ့ ကာကွယ်ဆေး ၉ သန်းကျော်နဲ့ စုစုပေါင်း ကာကွယ်ဆေးသန်း ၄၀ ကျော် ရရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၅၁၈,၀၀၀ နီးပါးနဲ့ သေ ဆုံးသူ ၁၉,၀၀၀ ကျော်ရှိခဲ့ပြီလို့ ဖော်ပြပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှု အခြေအနေတွေကို စောင့်ကြပ် ကြည့်ရှုနေပြီး အပတ်စဉ်အလိုက် ဓာတ်ခွဲအ တည်ပြုလူနာ တွေ့ရှိမှုနဲ့ ပျမ်းမျှရောဂါပိုး တွေ့ရှိမှုနှုန်းတွေဟာ ၅ ရာခိုင်နှုန်းအောက် လျော့နည်းကျဆင်းလာတယ်လို့ ဆိုပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားခဲ့တာ ၉ လခွဲ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွား ရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၁၅ သန်း ကျော် ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ ပြည် သူတွေကြား မှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက် ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။
အခုနှစ်ကုန်မှာတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောထားပါတယ်။