စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ယင်းမာပင်မြို့နယ်တို့မှာ နိုဝင်ဘာ ၁၉ နဲ့ ၂၀ ရက်နေ့တွေက စစ်ကောင်စီတပ် ယာဉ်တန်းတွေ မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် အနည်းဆုံး ၁၅ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တန့်ဆည်မြို့နယ် ကဘဲရွာမှာ PDF အမည်ခံပြီး အကြမ်းဖက်လုယက်နေသူတွေကို နိုဝင်ဘာ ၂၀ ရက် ညနေ ၃ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ Local PDF တွေ ပူးပေါင်းတိုက်ခိုက်နှိမ်နင်းနေစဉ် တန့်ဆည်ဘက်က တပ်ကူလာတဲ့ စစ်ကားကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Taze) က ထုတ်ပြန်ထားပါတယ်။
Taze တာဝန်ရှိသူတဦးက “ကဘဲရွာက ပျူစောထီးတွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေတုန်း တပ်ကူလာတဲ့ စစ်ကားတစ်စီးကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်လိုက်တာ။ နှစ်ယောက်ပဲဆင်းပြီး ရမ်းသမ်းပစ်ခတ်နေတာ လေးယောက်က မဆင်းနိုင်တော့ဘူး၊ ကားလည်းမောင်းမရတော့ဘူး လူမှုကူညီရေးကားနဲ့ လာခေါ်သွားကြတယ်” လို့ ပြောပါတယ်။
ညနေ ၄ နာရီခွဲလောက်မှာလည်း တန့်ဆည်မြို့ပညာရေးမှူးရုံးအနီး စစ်ဆေးရေးလုပ်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲရာ ၂ ဦး သေဆုံးသွားပြီး အများအပြား ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ကဘဲရွာက ပျူစောထီးတွေဟာ ဓားပြတိုက်တာ၊ အင်္ကုက္ကားရွာက အပြစ်မဲ့ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး PDF ဆိုပြီး အမည်ခံနေတဲ့အတွက် PDF တပ်ပေါင်းစုတွေက သွားရောက်နှိမ်နင်းခဲ့တာလို့ ဆိုပါတယ်။
ကဘဲရွာက အပြန်အလှန်ပစ်ခတ်မှုမှာ ပျူစောထီးအဖွဲ့ဝင်တွေလည်း သေဆုံး ဒဏ်ရာရခဲ့ကြပြီး PDF တပ်ပေါင်းစုတွေဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်လမ်းခွဲအနောက်မှာလည်း နိုဝင်ဘာ ၁၉ ရက်က စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ၉ ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ယင်းမာပင်ဘက်ကနေ မုံရွာဘက် မောင်းနှင်ချီတက်လာတဲ့ စစ်ကောင်စီကယာဉ်တန်း ဖိုလ်ဝင်တောင်လမ်းခွဲရဲ့အနောက်ဘက် နှစ်ထပ်ကွေ့ အရှေ့ဘက်အတက်မှာ မိုင်းဆွဲခံလိုက်ရတာလို့ သိရပါတယ်။
“မိုင်း ၉ လုံးဆင်ထားသော်လည်း ၅ လုံးသာ ဖောက်ခွဲနိုင်ခဲ့ပြီး ရှေ့ပြေးကား ၂ စီးနဲ့ မိုင်းရှင်းလေးအဖွဲ့ တွေ ထိမှန်ခဲ့တယ်။ နောက်မှာကျန်တဲ့ ကားတန်းကိုခွဲဖို့ ချန်ထားတဲ့ မိုင်း ၄ လုံးကတော့ စစ်ကောင်စီ တပ်တွေရဲ့ဖြုတ်သိမ်းသွားတာ ခံလိုက်ရတယ်” လို့ ဖောက်ခွဲရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။
အခုလို မိုင်းဆွဲတိုက်ခိုက်တာကို ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)က ဦးဆောင်ပြီး ဗျတ္တပြောက်ကျားတပ်ဖွဲ့၊ မြွေဟောက်ပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
တန့်ဆည်နဲ့ ယင်းမာပင်မြို့နယ်တို့မှာ စစ်ယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာမှုအခြေအနေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။