နိုဝင်ဘာ ၁၃ ရက်နေ့ညဦးပိုင်းမှာ မီးလောင်ခဲ့တဲ့ မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့မစျေးက ဆိုင်ခန်းပိုင်ရှင်တွေအတွက် နတ်မောက်မြို့က ဆုတောင်းပြည်ဘုရားကြီးကွင်းမှာ နိုဝင်ဘာ ၁၅ ရက်နေ့ကစတင်ပြီး ယာယီစျေးတည်ဆောက်နေတယ်လို့ သိရပါတယ်။
နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ တာဝန်ရှိသူက “မီးလောင်ခံရတဲ့ ဆိုင်ခန်းပေါင်း ၂၄၂ ခန်းအတွက် အခုလောလောဆယ်တော့ ဆုတောင်းပြည့်ဘုရားကွင်းပြင်မှာ ယာယီစျေးဖွင့်ထားပေးဖို့ ယာယီဆိုင်ခန်းတွေဆောက်လုပ်နေပါတယ်” လို့ ပြောပါတယ်။
နတ်မောက်မြို့မဈေးကြီးကို နိုဝင်ဘာ ၁၃ ရက်ည ၉ နာရီ ၄၃ မိနစ်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ည ၁၁ နာရီ ၁၅ မိနစ်အထိ ၁ နာရီခွဲနီးပါး မီးလောင်ကျွမ်းခဲ့တာလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆိုင်ခန်းအားလုံးနီးပါး မီးလောင်ခံရပြီး အပြင်ဘက်တိုက်တန်းတွေသာ ကျန်ရစ်ကာ မီးမလောင်ဘဲ ကျန်နေတဲ့ ဆိုင်ခန်းတွေထဲက ပစ္စည်းတွေဟာလည်း အားလုံးနီးပါးပျက်စီးသွားသလို ပျောက်ဆုံးတာတွေလည်းရှိတယ်လို့ ဆိုင်ပိုင်ရှင်တချို့ဆီက သိရပါတယ်။
နတ်မောက်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတာဝန်ခံက “မြို့မစျေးကြီးမီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၂၄၂ ခန်း မီးလောင်ပျက်စီးခဲ့ပြီး တန်ဖိုးငွေ ကျပ်သိန်းလေးရာတစ်ဆယ့်နှစ်သိန်းလေးသောင်းခန့် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ ဘာကြောင့် လောင်ကျွမ်းတယ်ဆိုတာတော့ စုံစမ်းနေဆဲဖြစ်ပါတယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့မရပ်ကွက်မှာရှိတဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ညဦးပိုင်းမှာ မီးလောင်ခံခဲ့ရတဲ့ နတ်မောက်မြို့မစျေးကို ၅ လနဲ့ အပြီးတည်ဆောက်ပေးမယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ မကွေးတိုင်းစည်ပင်တာဝန်ရှိသူက ပြောဆိုသွားပြီး မီးလောင်ခံခဲ့ရတဲ့မြို့မ စျေးကြီးကိုလည်း ရှင်းလင်းရေးတွေ ဆောင်ရွက်နေတာ မြင်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။