စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဝပါကျေးရွာက မီးဖွားလူနာ ဆေးခန်းပြပြန်လာတဲ့ ဖောင်တော်ဦး ပရဟိတလူမှုကူညီရေး အသင်းကားနဲ့ကားသမားကို နိုဝင်ဘာ ၁၄ ရက်နေ့လယ်ပိုင်းက မုံရွာမြို့အဝင် အဝိုင်းပတ်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ရွာခံတစ်ဦးက “သားဖွားရက်နီးလို့ ဆေးခန်းပြပြီး အပြန် မုံရွာမြို့အဝင် အဝိုင်းပတ်မှာပဲ လူမှုကူညီရေးကားနဲ့ ကားသမားကို ဖမ်းပြီး လူမမာဖြစ်သူကို လိုင်းကားနဲ့ တင်လွှတ်လိုက်တယ်။ လူနာကတော့ ရွာကို ပြန်ရောက်ပြီ။ ဖမ်းဆီးခံရတဲ့ လူမှုကူညီရေး ကားနဲ့ကားသမားက ပြန်ရောက်မလာသေးလို့ မိသားစုတွေနဲ့ ကျေးရွာကတော့ စိုးရိမ်နေကြရတယ်။ ကျနော်တို့ရွာမှာ ဒီကားလေးကို ခက်ခက်ခဲခဲ ဝယ်ထားရတာ နောက်ထပ်ဝယ်နိုင်ဖို့လည်းမလွယ်ဘူး” လို့ ပြောပါတယ်။
ဖောင်တော်ဦး ပရဟိတလူမှုကူညီရေးအသင်း ကားမောင်းသူ ကိုတုတ် (ခ)ကိုကျော်မျိုးထွဏ်းနဲ့ အသင်းကားပါ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လူမှုကူညီရေးကားနှစ်စီး သိမ်းယူသွားတယ်လို့ သိရပြီး စက်တင်ဘာလကုန်ပိုင်းက မူးရိုးကုန်းကျေးရွာ လူမှုကူညီရေးကားလည်း သိမ်းယူခံရပြီး အခုချိန်အထိ ပြန်မပေးသေးဘူးလို့ သိရပါတယ်။