စစ်ကိုင်းတိုင်း၊ ရေဦးမြို့က လျှပ်စစ်ဦးစီးမှူးကို မီတာခမကောက်လို့ဆိုပြီး စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက်မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့အမှုဖွင့်ခဲ့လို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“သူ့ကို မီတာကြေး မကောက်လို့ဆိုပြီး အမှုဖွင့်တာလို့တော့ ကြားတယ်။ ဒါပေမဲ့ စစ်ကောင်စီက လျှပ်စစ်မီးဖြတ်ခိုင်းတာ ဖြတ်မပေးတဲ့ကိစ္စတွေလည်း ပါတယ်။ စစ်ကောင်စီက သူတို့ခိုင်းတာ မရလို့ ၅၀၅(က) နဲ့တရားစွဲတာဖြစ်နိုင်တယ်”လို့မြို့ခံတစ်ဦးကပြောပါတယ်။
တရားစွဲခံရတဲ့ လျှပ်စစ်ဦးစီးမှူးဟာ Non-CDM တစ်ဦးဖြစ်ပေမဲ့ စစ်ကောင်စီက မီတာကြေး အတင်းအကြပ်ကောက်ခိုင်းတာနဲ့ လျှပ်စစ်မီး ဖြတ်တောက်ခိုင်းမှု ကိစ္စတွေမှာ လိုက်လျော လုပ်ဆောင်ပေးခြင်း မရှိလို့ စစ်ကောင်စီက တရားစွဲဆိုလိုက်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ရေဦးမြို့နယ်မှာ လျှပ်စစ်မီးရရှိတဲ့ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပြီး မြို့နယ်ရဲ့ ၇၀ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိပြီးပြီလို့ သိရပါတယ်။