ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ မြသင်းကြူလျှပ်စစ်ကုမ္ပဏီက စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေနဲ့အတူ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက မီတာခမပေးဆောင်တဲ့နေအိမ်ထံကနေ အတင်းအဓမ္မဖိအားပေး ခြိမ်းခြောက်ပြီး မီတာခလိုက်လံကောက်ခံနေတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။
စစ်အာဏာသိမ်းမှု၊ ကိုဗစ်ကာလ အလုပ်အကိုင် အဆင်မပြေမှု၊ စီးပွားရေး အဆင်မပြေမှုတွေကြောင့် ပြည်သူတွေဟာ မီတာခပေးဆောင်ဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အမှတ် ၃ ရပ်ကွက် နေထိုင်သူတစ်ဦးက" ဒီလောက် ပြည်သူတွေ အခက်အခဲတွေနဲ့ ကြုံနေရတာကို ပြည်သူမျက်နှာမကြည့်ဘူး။ အတင်းခြိမ်းခြောက်ပြီး မီတာခဆောင်ခိုင်းတယ်။ မပေးရင် သတ်တော့ ဖြတ်တော့မယ့်အတိုင်းပဲ။ အကြမ်းဖက်စကစအားကိုးနဲ့ ကုမ္ပဏီဝန်ထမ်းတွေက လူမိုက်ပုံစံနဲ့ပေးရင်ပေး မပေးရင်မီးဖြတ်မယ်။ အရင်အစိုးရက ပြည်သူမျက်နှာကို ကြည်တယ်။ စကစကတော့ လူသတ်တော့မယ့်အတိုင်းပဲ"လို့ ဆိုပါတယ်။
စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးက"ကျမတို့အိမ်က မီတာခ ၁၀ သိန်းကျော်ကျတယ်ဆိုပြီး မီတာခလာကောက်တယ်။ အမှန်တကယ်ကျသင့်တာထက် ပိုကောက်တယ်။ အခုက စကစက လူတွေကိုပါ ခေါ်လာပြီး ဓမြလိုပဲ တောင်းတာ။ စီးပွားရေးက မကောင်းတော့ ဘယ်လိုလုပ်ရမလဲ" လို့ ဆိုပါတယ်။
သိန္နီမြို့ဟာ လက်ရှိကာလအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတွေရှိနေတဲ့အတွက် မြို့မစျေးကြီး၊ စားသောက်ဆိုင်၊ ကုန်မာဆိုင်တွေအပါအဝင် ရပ်ကွက်အတွင်းက အိမ်ဆိုင်တွေပါ နေ့လယ် ၁၂ နာရီအထိသာရောင်းချဖို့ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက အမိန့်ထုတ်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ အကြမ်းဖက်စစ်ကောင်စီကို မီတာခနဲ့ အခွန်အခတွေ မပေးဖို့ ပြည်သူတွေကို တိုက်တွန်းထားတာဖြစ်ပါတယ်။