စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက်နေ့မှာ နွားကျောင်းသားတဦးအား ရိုက်နှက်ဖမ်းဆီးပြီး နေအိမ် ၅ လုံးကို ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အင်အားတိုးချဲ့လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ နိုဝင်ဘာ ၉ ရက်နေ့က မြို့နယ်အရှေ့ခြမ်း အနောက်ခြမ်းက ကျေးရွာတွေမှာ စတင်တပ်စွဲပြီး ပိတ်ဆို့စစ်ဆေးတာ၊ ရွာတွေအတွင်း ဝင်ရောက်စီးနင်း ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေပြီး နေအိမ်တွေကိုပါ ဖျက်ဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ရွာခံတစ်ဦးက “စစ်အင်အား ၁၅၀ လောက်လာပြီး ဝင်မွှေတယ်။ နေအိမ် ၅ လုံးကိုလည်း အတွင်း ပရိဘောဂ ပစ္စည်းပါမကျန် ရိုက်ခွဲဖျက်ဆီးသွားတယ်။ ဗွက်နစ်နေတဲ့ သူတို့ ကား ကို ပြစ်ထားခဲ့ပြီး ရွာဘုန်းကြီးဆီက သိန်း ၄၈၀ ပေးထားရတဲ့ ကားကိုယူသွားကြတယ်”လို့ ပြောတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မင်းကုန်းကျေးရွာက နွားကျောင်းတဲ့ လူငယ်တစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
“တောက နွားကျောင်းပြီး ပြန်လာတာ၊ စစ်တပ် စစ်ဆေးရေးနဲ့တိုးတော့ ဖုန်းအစစ်ခံရတာ။ ဖုန်းထဲမှာ NLD သီချင်းတွေပါလို့ဆိုပြီး ဝမ်းလျားမှောက်ခိုင်းပြီး စစ်ဖိနပ်နဲ့ နင်းပေါက် ရိုက်နှက် ဖမ်းဆီးသွားတယ်။”
အကြမ်းဖက်စစ်တပ်ဟာ မြို့နယ်အရှေ့ခြမ်းမြစ်ရိုးတတန်းက သစ်ဆိမ့်၊ ကူကြီး၊ အင်ဒေါင်း၊ ရှိမ်းမကား စတဲ့ကျေးရွာတွေကို တပ်စွဲပြီး လက်နက်ကြီးတွေနဲ့တောတွေထဲ ရမ်းသမ်းပစ်ခတ်နေ တာကြောင့် နှမ်းရိတ်နေတဲ့တောင်သူတွေ မရိတ်ရဲလို့ပြန်လာကြရကာ အခက်အခဲဖြစ်နေ ရတယ်လို့ သိရပါတယ်။
မြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ရွှေအိုးရ၊ ရွှေပန်းကုန်း၊ ရွာတော်၊ နဘဲလှ၊ သမရိုး စတဲ့ ရွာတွေဆီကိုလည်း တပ်ဖြန့်ဆင်းပြီး နေအိမ်အချို့ ဖျက်ဆီးနေတာလို့ သိရပါတယ်။
ဝက်လက်မြို့နယ်၊ ရွှေအိုးရကျေးရွာကို ဇွန်လ ၂၃/၂၄ ရက်တွေကလည်း စစ်ကောင်စီတပ်တွေက နှစ်ရက်ဆက်တိုက် ဝင်ရောက်ပြီး ပစ်ခတ်ဖမ်းဆီးတာတွေပြုလုပ်ပြီး ဆိုင်ကယ်နဲ့ ရွှေငွေအချို့ကို လုယက်ယူငင်သွားကြကာ၊ အခု သုံးကြိမ်မြောက် ဝင်ရောက်ဖျက်ဆီးတာလည်း ဖြစ်ပါတယ်။