ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထူလွီးဘီလာနဲ့ ပဒုံငံကျေးရွာဘက်မှာ ကရင်နီ တပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် ၂၀ သေဆုံးခဲ့ကာ KNDFတပ်ဖွဲ့ဝင် တယောက် ကျဆုံးခဲ့တယ်လို့ KNDFက သတင်းထုတ်ပါတယ်။
စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် မနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်ကနေ ည ၆ နာရီကျော်အထိ ၄ နာရီကျော်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ခြေတော်ရာ ဘုရားတောင်ဘက်ကနေ စစ်ကြောင်းထိုးပြီး တောင်ပေါ်တွေမှာ တပ်ဖြန့်ကာ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သလို ဒီးမော့ဆိုမြို့နယ် တိုက်ပွဲ ဖြစ်ပွားရာ ဒေသအတွင်းမှာ ဗျူဟာမြောက် ကုန်းပြင်မြင့်တွေအပေါ်မှာ တပ်ဖြန့်ပြီး စစ်အင်အား ဖြည့်တင်းနေတယ်လို့လည်း ဆိုပါတယ်။
နိုဝင်ဘာ ၅ ရက်ကလည်း ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ စက်တော်ကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ကရင်နီတပ်မတော် (KA) ဘက်က တဦး ကျဆုံးခဲ့ပါတယ်။