‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုကြောင့် မနက်ဖန် နိုဝင်ဘာ ၁၁ ရက် ည ၁၂ နာရီကစပြီး တမြို့လုံးကို Lockdown ချကာ အာခေါင်တို့ ဖတ်စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပန်ခမ်းမြို့ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ဒီကနေ့ ကြေညာပါတယ်။
မိဘပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့နဲ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ lockdownပြန်ဖျက်သိမ်းပေးမှာဖြစ်ပြီး မိဘပြည်သူများအနေနဲ့ စည်းကမ်းလိုက်နာကြဖို့လည်း အသိပေးကြေညာထားပါတယ်။
ပန်ခမ်းမြို့မှာ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ခုလို lockdown ချပြီး အာခေါင်တို့ဖတ်စစ်ဆေးတာဟာ တတိယအကြိမ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ပန်ခမ်းမြို့မှာ ဒုတိယအကြိမ် တမြို့လုံးအာခေါင်တို့ဖတ်စစ်ဆေးမှု မှုဖြင့် လူပေါင်း ၅၂,၉၂၂ ဦး ကိုစစ်ဆေးခဲ့ရာမှာ အားလုံး negative အဖြေထွက်တဲ့ အတွက် သြဂုတ်လ ၂၁ရက် ညမှာ lockdownပြန်ဖျက်သိမ်းပေးခဲ့ပြီး ပုံမုန်သွားခွင့်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ရှမ်းပြည်နယ်ဟာ ကူးစက်မှုနှုန်း အမြင့်မားဆုံးဖြစ်ပါတယ်။
Photo- Credit- Wa StateTV