ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ ဒုဥက္ကဋ္ဌ မသီရိမိုးရဲ့ အမေနဲ့ ညီမဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
မသီရိမိုးရဲ့ အမေဖြစ်သူ ဒေါ်သက်သက်ထွေးနဲ့ ညီမဖြစ်သူ မရွှေရည်မိုးတို့ကို နိုဝင်ဘာ ၈ ရက်နေ့ ည ၉ နာရီလောက် ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာက နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်ဝတ်နဲ့ လာရောက်ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
မသီရိမိုးဟာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး နေအိမ်က ထွက်ခွာသွားပြီး မိသားစုနဲ့ အဆက်အသွယ် မလုပ်တာ ၈ လလောက်ရှိပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ ဒုဥက္ကဋ္ဌ မသီရိမိုးဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်ပါတယ်။
မသီရိမိုးကတော့ အမေနဲ့ ညီမလေး မတရား ဖမ်းဆီးခံရလိုက်ရကြောင်းနဲ့ ဘာအပြစ်ရှိလို့လဲလို့ သူရဲ့ လူမှုကွန်ရက်စ်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေသားထားပါတယ်။
ဒေသခံတွေအဆိုအရ မသီရိမိုးရဲ့ အမေနဲ့ ညီမဖြစ်သူကို ထားဝယ်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။