ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ စိန်ဟိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ရဲ့ နေအိမ် နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ဗုံးခွဲခံခဲ့ရတယ်လို့ သိရပါတယ်။
စိန်ဟိုင်းကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ကို ဗုံးခွဲတိုက်ခိုက်တာဟာ ဧရာကဗေဒါအဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။
“ဒီလူက ပညာရေးဝန်ထမ်းတွေကို ဖိအားပေးတာ၊ ပြီးတော့ ကျောင်းတက်ဖို့ ကလေးတွေကို ဖိအားပေးတယ်၊ ပြီးတော့ စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သူတွေကို ခြိမ်းခြောက်တာတွေလုပ်နေလို့ သတိပေးတဲ့အနေနဲ့ လုပ်တာပါ” လို့ ပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်ခံရတဲ့ စိန်ဟိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ဟာ ဧရာကဗေဒါအဖွဲ့က သတိပေးစာပို့ထားတဲ့ကြားက ခုလို ဖိအားပေးတာတွေပြုလုပ်နေတဲ့အပြင် ပျူးစောထီးတွေကိုလည်း သင်တန်းစေလွှတ်တာတွေ ရှိနေတာကြောင့် သေချာစောင့်ကြည့်ပြီးမှ သတိပေးဗုံးခွဲခဲ့တာလို့ ဆိုပါတယ်။
စိန်ဟိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ရဲ့ နေအိမ်အတွင်းပိုင်း ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးတာတွေ ရှိခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
ဘိုကလေးမြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စာရေးတွေအနေနဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပါက အသက်ပြန်ပေးဆပ်ရမယ့်လို့ ဆက်လက်သတိပေးထားပါတယ်၊။