ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း ၁ ရပ်ကွက်၊ သမိုင်းခုံးကျော်တံတားအောက်က မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နိုဝင်ဘာ ၇ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ လောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
"အမှတ် ၁ ရပ်ကွက်ရုံးကို ဝင်ပစ်တာ။ အချက် ၂၀ လောက်ရှိမယ်။ ၃ ယောက် သေတယ်။ ဝင်ပစ်တဲ့သူတွေတော့ လွတ်သွားတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာနရုံးမှာလည်း နိုဝင်ဘာ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်က ဂိတ်စောင့်စစ်သားတွေ စက်သေနတ်နဲ့ အတွဲလိုက်အပစ်ခံခဲ့ရတကြောင့် ၇ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
ရုံဝင်ပေါက်မှာရှိတဲ့ ကင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး၊ ထွေအုပ်အဖွဲ့ဝင် ၂ ဦးနဲ့ ရုံးနားမှာ ဈေးရောင်းတဲ့ အမျိုးသမီး ၁ ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိသွားတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထဲမှာ ဦးခေါင်းနဲ့ လည်ပင်း ထိမှန်ခဲ့သူ နှစ်ဦး စိုးရိမ်ရပြီး ကျန်နှစ်ဦးမှာ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ဒီနေ့ ရန်ကုန်မှာ အုပ်ချုပ်ရေးမှုးရုံးတွေအပါအဝင် နေရာအတော်များများ စက်သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်မှုတွေ ရှိသလို နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။