ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့က မိုးမိတ်မြို့မရဲစခန်းနဲ့ ပညာရေးမှူးဝန်ထမ်းအိမ်ရာက နိုဝင်ဘာ ၇ ရက် မနက် ၆ နာရီ ခွဲဝန်းကျင်က ဗုံးခွဲခံလိုက်ရတယ်လို့ သိရပါတယ်။
“မနက်စောစော ဗုံးကွဲသံ ကြားတယ်။ ပေါက်ကွဲသံ နှစ်ချက်အရင်ကြားတယ်။ ဘယ်နားလဲ သွားကြည့်တော့ ရဲစခန်းမှာ ပေါက်တာ။ ရဲစခန်းမှာပေါက်ပြီး မကြာဘူး၊ ပညာရေးမှူး ဝန်ထမ်းအိမ်ရာမှာ ပေါက်တာ။ လူအထိအခိုက်တော့ မရှိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရဲစခန်း ဗုံးပေါက်ကွဲမှုကြောင့် အထိအခိုက် မရှိဘဲ ပညာရေးမှူးဝန်ထမ်းအိမ်ရာမှာတော့ မှန်တွေကွဲပြီး အနည်းငယ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ မိုးမိတ်မြို့မှာ ပထမအကြိမ် ဗုံးပေါက်ကွဲတာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကို တော့ မသိရသေးပါဘူး။