ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက အရပ်ဝတ်နဲ့ ကျောင်းလာတက်တဲ့ ဆရာမ ၃ ယောက်ကို အဖြူအစိမ်းဝတ်မလာလို့ဆိုပြီး စစ်ကောင်စီတပ်သားက ခေါ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။
ပူတင်းစုကျေးရွာ စာသင်ကျောင်းမှာ တာဝန်ကျတဲ့ ဆရာမ ၃ ဦးဟာ ကျောင်းကိုလာတဲ့အချိန်မှာ အဖြူအစိမ်း ဝတ်မလာတာကြောင့် ဗိုလ်ချုပ်ကြေးရုပ်အနီး အဝိုင်းကြီးမှာ ခေါ်ယူစစ်ဆေးပြီး နာရင်းအုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့တာဝန်ကျတဲ့ ကျောင်းကို သွားတာ ထင်တယ်။ အဲ့တာ လမ်းမှာ တားစစ်တော့ သူတို့က ယူနီဖောင်း ဝတ်မထားဘူး။ ဝန်ထမ်းကတ်တို့ ဘာတို့လည်း ပါပုံမရဘူး အဲ့ဒါနဲ့ စစ်သားက နာရင်းအုပ်ပြီးကျောင်းသွားခိုင်းတယ် ဆက်တော့ ဖမ်းမထားဘူး။” လို့ ဒေသခံတဦးက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့တဲ့ ဆရာ ဆရာမတွေနေရာ ၃၆၁ နေရာကို နိုဝင်ဘာလဆန်းပိုင်းမှာ အစားထိုး ပြန်လည်ခန့်ထားခဲ့ပြီး အဲ့အထဲမှာ စစ်တပ်အသိုင်းဝိုင်းက အများဆုံးပါဝင် နေတယ်လို့ သိရပါတယ်။