တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေ ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်၊ မနက် ၇ နာရီအချိန်လောက်ကပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူကာကွယ်ရေးတပ်တွေရဲ့ ထိတွေ့ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
လက်ရှိအချိန်မှာ သစ်ကတိုး၊ လေးအိမ်စု၊ မြေးခန္တီကျေးရွာတွေက ပြည်သူ ၃၀၀ လောက် ရှောင်တိမ်းနေကြရပြီး ရိက္ခာနဲ့ ဆေးဝါးအကူအညီ အရေးတကြီးလိုအပ်နေတယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါ့အပြင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ထိတွေ့ပစ်ခတ်မှုတွေကြောင့် ပြည်သူထောင်ချီ ရှောင်တိမ်းနေကြရပြီး ရိက္ခာနဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ရိက္ခာနဲ့ဆေးဝါးများ ကူညီထောက်ပံ့နိုင်ရေး အလှူငွေ ထည့်ဝင်လှူဒါန်းလိုပါက ထားဝယ်ခရိုင်သပိတ်ကော်မတီ https://www.facebook.com/Democracy-Movement-Strike-Committee-Dawei-101846808678327 ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။