Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် တပတ်အတွင်း ဖမ်းခံရသူ ၆၀ ကျော်ရှိ
DVB
·
November 4, 2021
251057427_1210829722744369_2282352242726502378_n

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ အောက်တိုဘာလကုန်ပိုင်းကနေ နိုဝင်ဘာလ ၄ ရက် အထိ အကြမ်းဖက်စစ်ကောင်စီတပ်က သံသယနဲ့ ဖမ်းဆီးသွားတဲ့ ပြည်သူ အယောက်  ၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒေသခံတဦးက ''ကြယ်တံခွန်မုန့်ဆိုင်က ဖြူဖြူထိုက် တို့ အသတ်ခံရပြီး အဖမ်းအဆီးတွေ အရမ်းများလာတယ်။ ဖမ်းပြီး တောင်တွင်းကြီးရဲစခန်းထဲမှာ ထားတယ်လို့သိရတယ်။ ပြည်သူတွေရဲ့ဖုန်းတွေကိုလည်းသိမ်းသွားပြီး ပြန်မပေးဘူး။ အခုလည်း   အရပ်ဝတ်တွေနဲ့ပတ်နေတယ်'' လို့ ပြောပြပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညပိုင်းတွေမှာ ပြည်သူတွေနဲ့ နေအိမ်တွေကို အကြမ်းဖက်ဝင်ရောက်တာတွေရှိပြီး လမ်းသွားလမ်းလာတွေ၊ လက်ဖက်ရည်ဆိုင်ထိုင်နေသူတွေနဲ့ နေအိမ်တွေကိုဝင်ရောက်စီးနင်းပြီး လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းသွားကြပြီး ပြန်တောင်းလို့မရကြောင်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။

''အခုရက်ပိုင်းဖမ်းတာ ၆၀ ကျော်ရှိတယ်။ အမျိုးသမီးတွေလည်းအများကြီးပါတယ်။ တချို့အမျိုးသမီးတွေဆို အသက် ၂၀ အောက်တွေအများကြီး။ ဖမ်းခံရတဲ့သူတွေက သံသယနဲ့ CDM သမားတွေရဲ့ ဆွေမျိုးတွေကိုလည်း ဓားစာခံလုပ်ပြီးဖမ်းထားတာ'' လို့ ရဲစခန်းနဲ့နီးစပ်သူတဦး ပြောပြပါတယ်။

တောင်တွင်းကြီးမြို့မှာ အောက်တိုဘာ ၂၃ ရက်နေ့က ကြံ့ခိုင်ရေးပါတီထောက်ခံသူ စစ်ကောင်စီသတင်းပေး မြင့်ဝင်းနဲ့ အောက်တိုဘာ ၂၉ ရက်နေ့က စစ်ကောင်စီရဲ့ တပ်ရင်းမှူးအဆင့်ရှိသူနဲ့ဆွေမျိုးတော်စပ်သူ ဖြူဖြူထိုက် တို့ ပစ်သတ်ခံရပြီးနောက် အဖမ်းအဆီးတွေများပြားလာတာဖြစ်ပြီး ဆိုင်ကယ်စီးနင်းသူတွေကိုလည်း အကြမ်းဖက်စစ် ကောင်စီက ကန့်သတ်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024