မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ အချိန် ၉ လကြာရှိလာတာနဲ့အမျှ ပြည်တွင်းမှာ လောင်စာဆီဈေးနှုန်း အဆမတန်မြင့်တက်မှုတွေနဲ့အတူ စိုက်ပျိုးစရိတ် ကြီးမြင့်လာတာကြောင့် ဆောင်းသီးနှံစိုက်ပျိုးတဲ့ တောင်သူတွေ အခက်အခဲမျိုးစုံ ကြုံတွေ့နေရပါတယ်။
ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေးကျဆင်းမှုနဲ့အတူ ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းမှုတွေ ရှိလာတာ၊ အလုပ်လက်မဲ့နှုန်း များလာတဲ့အပြင် တောင်သူလယ်သမားတွေလည်း စိုက်ပျိုးစရိတ်မြင့်မားလာမှုတွေကြောင့် ထွန်ယက်စိုက်ပျိုးနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဆီဈေးနှုန်းမြင့်မားလာတဲ့အတွက် စိုက်ပျိုးစရိတ်မြင့်မားလာတဲ့အပြင် ပွဲရုံတွေကလည်း ခေတ်ကာလအခြေအနေအရ ကြိုတင်ထုတ်ငွေ မပေးတော့တာကြောင့် တောင်သူတွေအနေနဲ့ မိသားစု တပိုင်တနိုင်သာ စိုက်ပျိုးနေကြတယ်လို့ မြန်မာပြည်အလယ်ပိုင်းဒေသက တောင်သူတဦးက ပြောပါတယ်။
အညာဒေသဘက်က ဆောင်းသီးနှံအဖြစ် မတ်ပဲနဲ့ မြေပဲကို အဓိက စိုက်ပျိုးတဲ့နေရာတွေမှာလည်း စိုက်ပျိုးစရိတ်ဟာ အရင်နှစ်ကထက် ၃ ဆလောက် မြင့်တက်သွားပေမယ့် သီးနှံထွက်တဲ့အချိန်မှာ ပြီးခဲ့တဲ့နှစ်က ဈေးနှုန်းအတိုင်း ရောင်းချရမယ်ဆိုရင် အရှုံးပေါ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ကသာမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ကျေးရွာ ၅၀ လောက်မှာလည်း အလားတူ အဖြစ်မျိုး ကြုံတွေ့နေရပြီး နေ့စားစိုက်ပျိုးရေးလုပ်သား သောင်းနဲ့ချီပြီး အလုပ်လက်မဲ့ ဖြစ်နေကြလို့ စားဝတ်နေရေး အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့လည်း တောင်သူတဦးက ပြောပါတယ်။
စိုက်ပျိုးစရိတ်အခက်အခဲတွေနဲ့ ပုံမှန်နှစ်တွေလို နေ့စားအလုပ်သမားတွေ မငှားနိုင်တော့ဘဲ မိသားစုလုပ်အားနဲ့ ဖြစ်သလို စိုက်ပျိုးထားကြရတာကြောင့် အထွက်နှုန်းတွေလည်း လျော့ကျလာနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။
တောင်သူတွေအနေနဲ့ အခုနှစ်မှာ စိုက်ပျိုးစရိတ်တွေအဆမတန် မြင့်တက်လာတဲ့အတွက် သီးနှံပေါ်ချိန်မှာ စျေးကောင်းကောင်းနဲ့ရောင်းချရဖို့ မျှော်လင့်နေကြသလို နေ့စားအလုပ်သမားတွေကလည်း အရင်လိုလွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် နိုင်ငံအေးချမ်းတည်ငြိမ်မှုတွေ အမြန်ဆုံး ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ မြန်မာပြည်သူတွေ ဆန်နဲ့ ဆီ လျှော့စားကြဖို့နဲ့ လောင်စာဆီ သုံးစွဲမှု လျှော့ချဖို့ တိုက်တွန်းနေသလို မြေအောက်ရထားလမ်းတွေဖောက်လုပ် ၊ လျှပ်စစ်ကားတွေ ရထားတွေ ပြေးဆွဲဖို့ နိုင်ငံ တဝန်း လှည့်လည် လိုက်လံ ဆော်ဩနေပါတယ်။