စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ နိုဝင်ဘာ ၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကလေးPDFတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က အလောင်း ၄၇ လောင်း ကလေးမြို့ဆေးရုံကိုရောက်ရှိလာတယ်လို့ ကလေးPDF က ထုတ်ပြန်လိုက်ပါတယ်။
မနေ့ မနက် ၇ နာရီလောက်ကစပြီး PDF(Kalay)၊ CNDFနဲ့ ပ.က.ဖ ပူးပေါင်းအဖွဲ့တွေက ပန်းမွန်ချောင်းအနီး ကျောက်ခွဲစက်မှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို စစ်ကြောင်း နှစ်ကြောင်း ခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ကလေးမြို့ဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို စည်သာရွာနဲ့ နတ်မြောင်းရွာ ကြားမှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ထပ်မံပြီးစစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်ကို နတ်မြောင်းရွာအနီးမှာ လက်နက်ကြီး လက်နက်ငယ်တွေအသုံးပြုပြီး ပိတ်ဆို့ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲမှာ ပြည်သူတော်လှန်ရေးအဖွဲ့ ပ.က.ဖ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့လည်း ကလေးPDF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က နတ်မြောင်းရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ တဲ့အတွက် ပြည်သူ ၁ ယောက်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ် ၃ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။