မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၂ ရက်နေ့က အုန်းကိုင်းရွာသစ်၊ ငါးပတ်တောင် ကျောက်တောင်ပြိုကျပြီး လူနေအိမ်ပေါ်ပိနေတာကြောင့် တစ်ဦး ဒဏ်ရာရပြီး တစ်ဦး ပိတ်မိနေ တယ်လို့ သိရပါတယ်။
“မနက် ၆ နာရီလောက် ပြိုကျတာ။ မပြိုခင် သစ်ပင် အရင်ပြိုတာ၊ ပြီးတော့ အိမ်တွေ အပေါ်ပိသွားတာ၊ အမိုးပဲ မြင်ရတော့တယ်။ ခဲကလည်း အကြီးကြီးပဲ၊ ဘယ်လိုမှ မမနိုင်ဘူး။ တစ်ယောက်က ပိတ်မိနေသေးတယ်" လို့ အနီးအနားနေဒေသခံတစ်ဦးက ပြောပါတယ်။
လူနေအိမ်တွေရှိတဲ့ အဲဒီနေရာမှာ ပထမဆုံးအကြိမ် ကျောက်တောင်ပြိုကျတာဖြစ်ပြီး ဘာကြောင့်ပြိုကျလဲဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တောင်ပြိုကျမှုကြောင့် ဦးခေါင်းပေါက်သွားသူတစ်ဦးကို မိုးကုတ်ပြည်သူ့ ဆေးရုံ ပို့ဆောင်ထားပြီး ပိတ်မိနေသူကို ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေတယ်လို့ သိရပါတယ်။