စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၁ ရက်နေ့ညက ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ နေအိမ်အား အကြမ်းဖက်ဝင်ရောက်စီးနင်းပြီး မိခင်ဖြစ်သူအား ဖမ်းဆီးသွားတယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁ ရက်၊ ည ၈ နာရီအချိန်လောက်မှာ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာရှိ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ နေအိမ်အား အကြမ်းဖက်ဝင်ရောက်စီးနင်းပြီး ကိုမင်းလွင်ဦးမရှိတာကြောင့် အသက် ၅၆ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်ချိုသန်းအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာလို့ သပိတ်ကော်မတီတာဝန်ရှိသူတဦးက ပြောပါတယ်။
ဝင်ရောက်စီးနင်းစဥ် နေအိမ်ရှိ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ကိုမင်းလွင်ဦးဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမတိုင်မီကတည်းက အဆိုပါနေအိမ်မှာ နေထိုင်ခြင်းမရှိတော့ဘဲ ဇနီး၊ သားဖြစ်သူတို့နဲ့အတူ ထားဝယ်မြို့ပေါ်မှာ နေထိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂ ရက်၊ မနက် ၁ နာရီလောက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအတွင်းရှိ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုဝေယံစိုးရဲ့ မိသားစုနေအိမ်အား အကြမ်းဖက်ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနဲ့ ကိုဝေယံစိုးတို့ဟာ စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရပြီး တိမ်းရှောင်နေကြတာပါ။ ဆန္ဒပြမှုကြောင့် ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ၃ ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး ၂ ဦးကတော့ ပြန်လွတ်လာပြီလို့ ဆိုပါတယ်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီအား နေ့စဉ်ဆိုသလို ဆန့်ကျင်ဆန္ဒပြနေကြပြီး ရိုက်နှက်ဖမ်းဆီးခံရသူတွေလည်း ရှိနေပါတယ်။