ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အောက်တိုဘာ ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၈ ယောက်လောက် ဒဏ်ရာရ သွားတယ်လို့ CDF- မင်းတပ်က ထုတ်ပြန်ပါတယ်။
မင်းတပ်မြို့ စိချဲ့လမ်းဆုံနားမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို CDF-မင်းတပ်က မနေ့က ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အကြမ်းဖက်စစ်အုပ်စုနဲ့ နာရီဝက်လောက် အပြန်အလှန်တိုက်ဖြစ်ပွားခဲ့ပြီးတော့ CDF-မင်းတပ်ဘက်က ရဲဘော်တစ်ယောက် အနည်းငယ်ဒဏ်ရာ ရခဲ့တယ်”လို့ CDF- မင်းတပ်က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေက ထန်တလန်မြို့မှာရှိတဲ့ ဘာသာရေးအဆောက်အုံ၊လူနေ အိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မင်းတပ်နဲ့မတူပီကြားမှာ အောက်တိုဘာ ၂၁ ရက်ကလည်း မတူပီဘက်ကနေ ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စု ယာဉ်တန်းကို CDF - မင်းတပ်နဲ့ CDF - မတူပီ ညီနောင်မဟာမိတ်တွေ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။