အောက်တိုဘာ ၃၁ ရက်နေ့ မွန်တည့် ၁၂ နာရီခန့်က ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီး ပျံသန်းခဲ့ပြီး ဗျူဟာကုန်းပေါ် ၁၅ မိနစ်လောက် ဆင်းသက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တစ်စီးက အပေါ်ကနေ လုံခြုံရေးယူပေးနေတာ ထင်တယ်။ တစ်စီးကတော့ ဗျူဟာကုန်းပေါ် ဆင်းလာတယ်။ ၁၅ မိနစ်လောက် ကြာတော့ ပြန်တက်သွားပြီး ထွက်သွားကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အရင်ကလည်း စစ်ရဟတ်ယာဉ်တွေ ဗျူဟာကုန်းပေါ် ခုလို လာရောက်လေ့ရှိပြီး ပစ္စည်းလာချသွားတာတွေ ရှိတယ်လို့ ဆိုပါတယ်။
အရင်က စစ်ရဟတ်ယာဉ်တွေ လာရောက်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံတွေ သေဆုံးဒဏ်ရာရတာတွေရှိခဲ့ပြီး အခုလို တစ်ဖန် လာရောက်တဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်ကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။
ဖားကန့်မြို့မှာ ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရတာနဲ့ မိုင်တဲလ်တာဝါတိုင်တွေလည်း ဖောက်ခွဲဖျက်ဆီးခံနေရပါတယ်။